ကလော ဖေဖော်ဝါရီ ၂၂
ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၉ နာရီက ကလောမြို့ ဘူတာရုံအနီးရှိ ကလောချောင်း မြေထိန်းနံရံ ပြုပြင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ကလောဘူတာရုံအနီး အများပြည်သူများ အလှဓာတ်ပုံ ရိုက်ကူးသည့်နေရာအား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများ မှာကြားသည်။
ယင်းနောက် တိုင်းအမှတ်(၄) ကလောနယ်မြေ ကလောဘူတာ အဆောက်အအုံအား ရှေးမူမပျက် ပြန်လည် ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ကလောဘူတာမှ တာဝန်ရှိသူတစ်ဦး၏ ရှင်းလင်း တင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဘူတာရုံအား သန့်ရှင်း သပ်ရပ်ပြီး စနစ်တကျရှိစေရေး ဆောင်ရွက်ရန် မှာကြားသည်။
ဆက်လက်၍ အမှတ်(၃)ရပ်ကွက် ဘူတာလမ်းမြေအကျယ် တိုင်းတာထားသည့် နေရာအား ကြည့်ရှုပြီး ဘူတာသွားလမ်း တိုးချဲ့ပြီး ကတ္တရာထပ်ပိုးလွှာခင်းနိုင်ရေး၊ ရေနုတ်မြောင်းတူးဖော်ရေးအတွက် ပတ်ဝန်းကျင်ရှိ ပြည်သူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးတို့ကို မှာကြားသည်။
ထို့နောက် ကလောဘူတာရှိ မီးရထားတွဲ စက်ခေါင်းလှည့်မည့် နေရာ၊ ကလောမြို့ ရပ်ကွက်(၁၁) မှ နန်းတိုင်းကျေးရွာသို့သွားလမ်းပေါ်ရှိ နှုန်းသဲချောင်းကူး ကွန်ကရစ် တံတား တည်ဆောက်ခြင်း လုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် အတူ တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ ကျင်းပသော ရှမ်းပြည်နယ် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား အသက် (၁၈)နှစ်အောက် ကလပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲသို့တက်ရောက်ကြသည်။
ဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင် အသင်းများအား နှုတ်ဆက်ကာ အမှတ်(၇)ဘင်ခရာ တပ်ဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်သည်။
ဆက်လက်၍ ဗြဟ္မာဂူ FC အသင်းနှင့် Aung United အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှု အားပေးသည်။
အဆိုပါ ရှမ်းပြည်နယ် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား အသက် (၁၈) နှစ်အောက် ကလပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၂၄ သင်း ပါဝင်ယှဉ်ပြိုင် ကြပြီး ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၂ ရက်မှ မတ် ၂၀ ရက်အထိ ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)


