မိုင်းဆတ်     ဖေဖော်ဝါရီ     ၂၁

 

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့်အဖွဲ့သည် ဖေဖော်ဝါရီ ၂၀ ရက် ညနေပိုင်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်သို့ ရောက်ရှိကာ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲကို မယ်ဆွမ်တောင်ရပ်ကွက်ရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်က ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ချက်များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှုများကို Power Point ဖြင့် ရှင်းလင်းတင်ပြပြီး မြို့မိမြို့ဖများက ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က လမ်းပန်းဆက်သွယ်ရေးနှင့် မြို့ဖွံ့ဖြိုးတိုးတက်မှုများ၊ ဒေသဖွံ့ဖြိုးရေး အကောင်အထည်ဖော် ဆောင်ရွက်ပေးမည့် အခြေအနေများကို ပြောကြားပြီး ဌာနဆိုင်ရာ ဝန်ထမ်းများ အတွက် ထောက်ပံ့ငွေ ကျပ် သိန်း ၃၀ ကို ပေးအပ်ရာ ခရိုင်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က လက်ခံရယူကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်နှင့် ရပ်မိရပ်ဖတို့က ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်နယ်ခွင့်ပြုရန်ပုံငွေ ကျပ် ၂၃၉ သန်းဖြင့် အောင်ဇေယျဘက်စုံအားကစားကွင်း၌ အထူးတန်းပွဲကြည့်စင် RC နှစ်ထပ် အဆောက်အအုံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးမှူး ဦးချစ်ကိုကိုနှင့် တာဝန်ရှိသူများက လက်ခံ ရယူသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျဒယ်ရပ်ကွက်ရှိ စမ်းကြဘုရားကျောင်းသို့ သွားရောက် ကြည့်ရှုပြီး ပြည်နယ်ဝန်ကြီးချုပ်က ထောက်ပံ့ငွေကျပ် သိန်း ၃၀ ကို ပေးအပ်ရာ ဦးကျဝိုခါးနှင့် ဦးကျအူ တို့က လက်ခံရယူကြသည်။

 

ခရိုင်(ပြန်/ဆက်)