မိုင်းရှူး မတ် ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် တာဝန်ရှိသူများသည် မတ် ၁၂ ရက် နံနက် ၇ နာရီခွဲက မိုင်းရှူးမြို့၊ အမှတ်(၁)ရပ်ကွက် ဘုံခန်းမ၌ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်လွင်က ဒေသဆိုင်ရာ အချက်အလက်များနှင့် အုပ်ချုပ်ရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာများ ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသည့် ဒေသခံပြည်သူများမှ ဒေသဆိုင်ရာလိုအပ်ချက်များ တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဒေသခံများ၏ တင်ပြချက်များအပေါ် ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ မိုင်းရှူးခရိုင်အတွင်း တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများကို ပြည်နယ်ဝန်ကြီးချုပ်က ပေးအပ်ရာ မိုင်းရှူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်လွင်မှ လက်ခံရယူခဲ့သည်။ ယင်းနောက် တိုင်းရင်းသားစာပေ ယဉ်ကျေးမှုအဖွဲ့များအား ထောက်ပံ့ငွေများပေးအပ်ပြီး ခန်းမအတွင်း ခင်းကျင်းပြသထားသော မိုင်းရှူးခရိုင်အတွင်း အသေးစား၊ အငယ်စား၊ အလတ်စား ထုတ်ကုန်လုပ်ငန်းများကို လာရောက်ပြသလျက်ရှိသော မိုင်းရှူးမြို့နယ်၊ ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့တို့မှ ဒေသထွက်ကုန်ပစ္စည်းများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် မိုင်းရှူးမြို့နယ် ဟံသာမုနိဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ ဟံသာမုနိမာရဇိန်ဘုရားကြီးအား ဖူးမြော်ကြည်ညိုကာ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ပဓာနနာယက ဘဒ္ဒန္တကဝိန္ဒ အရှင်မြတ်ထံ လှူဖွယ်ဝတ္ထုပစ္စည်းနှင့် နဝကမ္မလှူငွေများ ဆက်ကပ်လှူဒါန်းပေးခဲ့ပြီး နှစ်(၁၀၀)ပွဲတော် ဖြစ်မြောက်ရေးအတွက် လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။ ယင်းနောက် မိုင်းရှူးမြို့နယ် ပြည်သူဆေးရုံသို့ သွားရောက်၍ ဆေးကုသမှုခံယူနေသော ဒေသခံပြည်သူများကို အားပေးစကားပြောကြားပြီး ထောက်ပံ့ပစ္စည်းများပေးအပ်ကာ ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု၍ တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် စစ်မှုထမ်းဟောင်းအဖွဲ့တို့အား ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)