ရွာငံ သြဂုတ် ၁၄
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့တွင် သြဂုတ် ၁၃ ရက် မွန်းလွဲ ၂ နာရီခွဲက ရွာငံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ရွာငံမြို့ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦးတို့က ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီသို့ ထောက်ပံ့ငွေကျပ် (၁၀) သိန်း၊ mask (၁၀၀၀) ခုကို ပေးအပ်ခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရွာငံမြို့ပြည်သူဆေးရုံရှိ ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ကျဝန်ထမ်းများအား ထောက်ပံ့ငွေကျပ် (၅) သိန်း၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ရေသန့်တို့ကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးတို့က ပေးအပ်ရာ တာဝန်ကျဝန်ထမ်းများမှ လက်ခံရယူသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် ရွာငံမြို့ အနန္တဇိန သမ္ဗုဒ္ဓ စေတီတော် တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုပြီး ကျောင်းထိုင်ဆရာတော် ဦးပညာစောဓအား ဖူးမြော်ကန်တော့၍ အလှူငွေကျပ်သိန်း (၂၀) နှင့် ဘိလပ်မြေအိတ် (၂၀၀) လှူဒါန်းပေးသည်။ ယင်းနောက် ရွာငံမြို့နယ်သို့အဝင် ဆင်နက်ချောင်း ဖွင့်လှစ်ထားသော ကိုဗစ်-၁၉ ရောဂါစစ်ဆေးရေးဂိတ်သို့ သွားရောက်ကာ တာဝန်ကျ ဝန်ထမ်းများအား ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ရေသန့်နှင့် ထောက်ပံ့ငွေကျပ် (၁၀) သိန်းတို့ကို ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
သြဂုတ် ၁၄ ရက် နံနက် ၉ နာရီတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နီလင်းအောင်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် တောင်ကြီးမြို့ အမျိုးသမီးနှင့် ကလေးဆေးရုံဝင်းရှိ ကလေးကုသဆောင်တွင် ကိုဗစ်-၁၉ ရောဂါကုသရေးစင်တာ ထားရှိမည့်နေရာ၊ အောက်စီဂျင် ထုတ်လုပ်သည့် စက်ရုံနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသည့် အောက်စီဂျင် (၄၀) လီတာအိုးတို့ကို လှည့်လည်ကြည့်ရှုကြပြီး လိုအပ်သည့်များ ဖြည့်စွက်မှားကြားခဲ့သည်။ အဆိုပါ ကလေးကုသဆောင်တွင် လူနာများကို အပေါ်ထပ်တွင် (၃၇) ဦး၊ အောက်ထပ်တွင် (၂၃) ဦး စုစုပေါင်း (၆၀) ထားရှိကုသနိုင်ပြီး အောက်ထပ်တွင် အောက်စီဂျင်ပိုက်လိုင်းမှ အောက်စီဂျင်တိုင် (၄) ခု အပေါ်ထပ်တွင် (၉) ခုရှိကာ အောက်စီဂျင်စက်ရုံမှ (၄၀) လီတာအိုး တစ်ရက်လျှင် (၅၀) ထုတ်လုပ်နိုင်ကြောင်း သိရသည်။
ထို့နောက် တောင်ကြီးမြို့ မိုးလုံလေလုံအားကစားရုံ၌ တောင်ကြီးမြို့ပေါ်ရှိ အသက်(၆၅)နှစ်နှင့်အထက် အဘိုး၊ အဘွားများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုကို ကြည့်ရှုအားပေးကြကြောင်း သိရသည်။
မောင်မောင်သန်း (တောင်ကြီး)


