တာချီလိတ် အောက်တိုဘာ ၃၀
MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်က အားပေးဆောင်ရွက်နေသည့်အချိန်တွင် ရှမ်းပြည်နယ်အတွင်း MSME လုပ်ငန်းများ ဆောင်ရွက်ကြသည့်နေရာ၌ တွေ့ကြုံရသည့် အခက်အခဲများ လိုအပ်ချက်များ ဖော်ထုတ်ဆောင်ရွက်ပေးနိုင်ရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ စက်မှုရပ်ကွက်၊ ဟောင်လိတ်အုပ်စု၊ ဝမ်ပုံလမ်းရှိ ရွှေကောင်းကင် မွေးမြူရေး ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီလီမီတက် အစာစပ်စက်ရုံသို့ အောက်တိုဘာ ၂၉ ရက် ညနေ ၄ နာရီခွဲက ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ ပြည်နယ်လူမှုရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက သွားရောက်ကွင်းဆင်း ကြည့်ရှုခဲ့ကြသည်။
စက်ရုံတာဝန်ရှိသူတစ်ဦးမှ အစာစပ်ထုတ်လုပ်မှု၊ ဈေးကွက်အခြေအနေ၊ ကုန်ကြမ်းရရှိမှု၊ အရည်အသွေးစစ်ဆေးမှုများ၊ ဝက်ခြံအဆောက်အဦနှင့် လက်ရှိမွေးမြူထားရှိမှုတို့ကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်ရှိ မေထန်ချိတ် သွပ်ပြားစက်ရုံသို့ သွားရောက်ကြည့်ရှုခဲ့ပြီး စက်ရုံတာဝန်ရှိသူတစ်ဦးမှ သွပ်ပြားထုတ်လုပ်နေမှု အဆင့်ဆင့်ကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)