တောင်ကြီး ဖေဖော်ဝါရီ ၁၇

 

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ တောင်ကြီးမြို့ လေးမိုင်ကွေ့ - နောင်တလီ - ညိုမီး- နောင်ပနားဗွာ-လင်းကွင်း - ထီရီ (မွေးမြူရေးဇုန်လမ်း)ပေါ်တွင် သွားလာနေသည့် ကုန်တင်ယာဉ်ကြီးများရပ်နားနိုင်ရန် နောင်လေကျေးရွာအုပ်စု ပင်ငိုကျေးရွာအနီး ကုန်တင်ယာဉ် ရပ်နားစခန်းစီမံကိန်း ဆောင်ရွက်မည့်မြေနေရာကို ယနေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ ရှင်းလင်းဆောင်၌ တောင်ကြီးမြို့ မြို့ရှောင်လမ်းဘေးရှိ မြေဧရိယာ ၁၉ ဒသမ ၈ ဧကပေါ်တွင် ကုန်တင်ယာဉ်ကြီးများ ရပ်နားစခန်း EOI ဆောင်ရွက်မှုနှင့် Site Layout Plan တို့နှင့်စပ်လျဉ်း၍ တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာန တာဝန်ရှိသူက ရှင်းလင်းတင်ပြသည်။

 

တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ကုန်တင်ယာဉ်ရပ်နားစခန်း ဆောင်ရွက်မည့်နေရာတွင် ကားပစ္စည်းဆိုင်များ၊ စားသောက်ဆိုင်များနှင့် အသေးစားကားပြင်ဆင်မှု ဆောင်ရွက်နိုင်ရန် မြေနေရာလျာထားဆောင်ရွက်ရေး၊ EOI ဆောင်ရွက်ပြီးစီးပါက လုပ်ငန်းများကို အမြန်ဆုံးအကောင်ထည်ဖော် ဆောင်ရွက်ရေးတို့အပါအဝင် လိုအပ်သည်များ မှာကြားသည်။

 

ထို့နောက် ကားလေးကွင်းဆောင်ရွက်မည့် မြေနေရာ၊ မြို့ရှောင်လမ်း လေးမိုင်ကွေ့- နောင်တလီ - ညိုမီး - နောင်ပနားဗွာ - လင်းကွင်း - ထီရီ (မွေးမြူး ရေးဇုန်လမ်း)ရှိ ဝါးရုံပင်အနီး အတက်နေရာ လမ်းပြုပြင်ရန်လိုအပ်မှုနှင့် (S)ကွေ့ပြုပြင်ဆောင်ရွက်မည့် နေရာတို့ကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က လမ်းရေရှည်အသုံးပြုနိုင်ရန် အရည်အသွေးပြည့်ဝ ကောင်းမွန်အောင် ဆောင်ရွက်ရန်နှင့် လမ်းအကွေ့ကြီးသည့်နေရာများတွင် အန္တရာယ်ကွေ့ဆိုင်းဘုတ်များဆောင်ရွက်ရန် မှာကြားပြီး တောင်ကြီးအတက်​လမ်း ရေတံခွန်ကျသည့်နေရာတွင် ကားလမ်းဘေး မြေထိန်းနံရံ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)