ကျိုင်းတုံ အောက်တိုဘာ

 

ရှမ်းပြည်နယ်အစိုးအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် ၆ နာရီခွဲက ကျိုင်းတုံမြို့၊ သီလဓမ္မကုန်းသာတောရကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တကောဝိဒ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)အား သွားရောက်ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းပေးကြသည်။

 

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျိုင်းတုံ - ပန်လီ - မိုင်းခုတ် - မိုင်းဆတ်လမ်း သဘာဝဘေးဒဏ်ဖြစ်ပွားမှုနှင့် ပြုပြင်ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရဲလင်းမှ မိုးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ပေ ၅၀ အထက် တံတား(၁)ခု၊ ပေ ၅၀ အောက် တံတား(၁၆)ခု၊ ချဉ်းကပ်လမ်း(၃)ခု၊ လမ်းသား၊ လမ်းပခုံးပျက်စီးမှု(၆၂)ခု၊ တောင်ပြို(၇၈)ခု၊ ရေကျော်(၂)ခု စုစုပေါင်း(၁၆၂)ခုတွင် ဆောင်ရွက်ပြုပြင်ပြီး (၅၆)ခု၊ ပြုပြင်ဆောင်ရွက်ဆဲ(၄)ခု၊ ကျန်ရှိ(၁၀၂)ခုဖြစ်ကြောင်း ရှင်းလင်းသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ကျိုင်းတုံ - ပန်လီ - မိုင်းခုတ် - မိုင်းဆတ်လမ်း ရှင်းလင်းတင်ပြမှုအပေါ် လမ်းပန်းဆက်သွယ်ရေးကိစ္စ ကောင်းမွန်အောင် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ လမ်းတံတားများ ခိုင်ခန့်အောင် ဆောင်ရွက်ပေးရန်နှင့် လုပ်ငန်းများမထပ်အောင် စိစစ်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း မှာကြားပြီး ​မိုးရွာသွန်းမှုကြောင့် လမ်းပေါ်မြေပြိုကျသည့် နေရာများနှင့် 36.5km-37km အတွင်း မြေထိန်းနံရံ Design ပြုလုပ်ရန် မြေနမူနာထုတ်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျိုင်းတုံ-လွယ်မွေလမ်း (နမ့်လပ်တံတား) ကျိုးကျမှုဖြစ်စဉ်နှင့် ပြန်လည်ဆောင်ရွက်ထားရှိမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးရဲလင်းမှ ရှင်းလင်းတင်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် တံတားအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

 

အဆိုပါ ကျိုင်းတုံ-လွယ်မွေ(နမ့်လပ်တံတား)သည် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် စက်တင်ဘာ ၁၀ ရက်တွင် (နမ့်လပ်ချောင်းတံတား) (၆၀)ပေအရှည် သံကူကွန်ကရစ်တံတား၏ ရေလယ်တိုင်လဲကျပြီး တံတားကြမ်းခင်း ကျိုးကျပျက်စီးခဲ့၍ လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်စေရေး (၈၀)ပေအရှည် နှစ်လွှာတစ်ထပ်(D/5) ဘေလီတံတားကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) လမ်းဦးစီးဌာနမှ တည်ဆောက်ပေးခဲ့ကြောင်း သိရသည်။

 

မောင်မာင်သန်း(တောင်ကြီး)