အေးသာယာ နိုဝင်ဘာ ၁၃

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၁၂ ရက် နံနက် ၈ နာရီခွဲက အေးသာယာမြို့ရှိ နည်းပညာတက္ကသိုလ်(တောင်ကြီး) ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က နည်းပညာတက္ကသိုလ်မှ တက်ရောက်လာကြသည့် ဝန်ထမ်းများ အခက်အခဲရှိပါက ပွင့်ပွင့်လင်းလင်း တင်ပြပေးကြရန်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် နည်းပညာတက္ကသိုလ်(တောင်ကြီး)၊ ပါမောက္ခချုပ် ဒေါက်တာခင်ထိုက်ထိုက်လွင်မှ တက္ကသိုလ်ဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်အပေါ် လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နည်းပညာတက္ကသိုလ်(တောင်ကြီး)၊ ကျောင်းသား၊ ကျောင်းသူများ၏ လက်တွေ့ခန်း၊ စာသင်ခန်းနှင့် K-Walla Co., Ltd မှ တာဝန်ယူတည်ဆောက်နေသော (၃၂)ဦးဆံ့ (၃)ထပ် RCC ဆရာ၊ ဆရာမအဆောင် (၁)လုံး ဆောက်လုပ်နေမှု၊ အလျား (၃၆၀ ပေ × ၂၁၀ ပေ) ဘောလုံးကွင်း တည်ဆောက်ခြင်း၊ Ground Tank နှင့် လျှပ်စစ်လုပ်ငန်းအပါ ဆောက်လုပ်နေမှု၊ ကျောင်းရှိ စာသင်ဆောင်အဟောင်းတို့ကို လှည့်ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘောလုံးကွင်းနှင့်ပတ်သက်၍ စံချိန်စံညွှန်းနှင့်အညီ ကောင်းမွန်စွာ ဆောင်ရွက်ပေးရန်နှင့် စာသင်ဆောင်အဟောင်အား လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)