မိုင်းပျဉ်း မတ် ၁၂

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်၊ ပြည်နယ်ဝန်ကြီးများ၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် မတ် ၁၁ ရက် မွန်းလွဲ ၂ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံပွဲတွင် မိုင်းပျဉ်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဝေမှ ဒေသဆိုင်ရာအချက်အလက်များ တင်ပြရှင်းလင်းပြီး တက်ရောက်လာကြသည့် ရပ်မိရပ်ဖနှင့် ဒေသခံပြည်သူများမှ ဒေသလိုအပ်ချက်များ တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် ပြန်လည်ဖြေရှင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြေကြားသည်။

 

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မိုင်းပျဉ်းမြို့တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ပေးအပ်ရာ မိုင်းပျဉ်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဝေမှ လက်ခံရယူသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မိုင်းပျဉ်းမြို့ရှိ ထေရဝါဒဗုဒ္ဓသာသနာပြုဗဟိုကျောင်းသို့ သွားရောက်ကာ ဆရာတော် ဦးခေမာစာရအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းပေးကြကြောင်း သိရသည်။

 

မောင်မောင်သန်း (တောင်ကြီး)