တောင်ကြီး ၃ ဇွန်
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း၊ လွှတ်တော်အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ၊ ကမ္ဘောဇဘဏ်လီမိတက် နာယက ဦးအောင်ကိုဝင်းနှင့် အရာထမ်း အမှုထမ်းများ၊ ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေး ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက် ၉ နာရီတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့ရှိ ပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိရာ ဘုန်းကြီးကျောင်းအတွက် ဆန်နှင့်ဆီများအား ဆက်ကပ်လှူဒါန်းပြီး ရွာငံမြို့နှင့် ဝါးပိုးကျေးရွာရှိ ဓနု၊ တောင်ရိုး၊ ပအိုဝ်းတိုင်ရင်းသားများအတွက် ဆန်၊ ဆီ၊ ဆားနှင့် ကုလားပဲများပါဝင်သည့် ရိက္ခာထုပ်(၈၀ဝ)နှင့် ငွေသားကျပ် ၁၀ဝ၀ဝ စီအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပင်းတယမြို့သို့ ရောက်ရှိ၍ မဟာရန်အောင် ပရိယတ္တိစာသင်တိုက်နှင့် စေတီကြီး ပရိယတ္တိစာသင်တိုက်များသို့ ဆန်၊ ဆီများ ပေးအပ်လှူဒါန်းခဲ့ပြီး ပင်းတယမြို့နှင့် သစ်အယ်ပင်ရွာတို့ရှိ ဓနု၊ တောင်ရိုး၊ ပအိုဝ်းတိုင်းရင်းသား အခြေခံပြည်သူများသို့ ရိက္ခာထုပ်(၈၀ဝ)ထုပ်နှင့် ငွေကျပ် ၁၀ဝ၀ဝ စီအားလည်းကောင်း၊ ပင်းတယမြို့ရှိ ပြည်တော်ပြန်ပြည်သူများ စောင့်ကြည့်ရေးစခန်းသို့ ဆန်၊ ဆီ ရိက္ခာများနှင့် ခြင်ထောင် (၁၃၆)လုံးတို့အား လည်းကောင်း ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘော်ဆိုင်းမြို့သို့ ရောက်ရှိ၍ ရွှေမြစည်ဘုန်းတော်ကြီးကျောင်းသို့ ဆန်၊ ဆီများ လှူဒါန်းခဲ့ပြီး ကမ္ဘောဇဘဏ်မှ ငွေကျပ် သိန်း ၁၂၀ဝ ကျော် ကုန်ကျခံတည်ဆောက်ထားသည့် ဘော်ဆိုင်းမြို့ အထက်တန်းကျောင်း၊ ကမ္ဘောဇခန်းမ၌ ဓနု၊ ပအိုဝ်း၊ ဗမာတိုင်းရင်းသား အခြေခံပြည်သူများအား ရိက္ခာထုပ် (၈၀ဝ)ထုပ်နှင့် ငွေကျပ် ၁၀ဝ၀ဝ စီအား လည်းကောင်း၊ ကမ္ဘောဇဘဏ်မှ ငွေကျပ်သိန်း ၁၄၅၂၀ ကုန်ကျခံ တည်ဆောက်ထားသည့် ဘော်ဆိုင်းမြို့၊ ပြည်သူ့ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးရုံတက်ရောက်လူနာများအား ရိက္ခာထုပ်များနှင့် ငွေကျပ် ၁၀ဝ၀ဝ စီအားလည်းကောင်း၊ ကျောက်ထပ်ရွာရှိ တိုင်းရင်းသားပြည်သူများအား ရိက္ခာထုပ်များနှင့် ငွေကျပ် ၁၀ဝ၀ဝ စီအားလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ကမ္ဘောဇဘဏ်အနေဖြင့် ရှေးယခင်ကပင် ဓနုဒေသ ကျန်းမာရေး၊ ဘာသာရေး၊ ပညာရေးနှင့် သောက်သုံးရေရရှိရေးတို့အတွက် ငွေကျပ်သိန်း ၂၄၀ဝ၀ ကျော် လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း၊ ယနေ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌ၊ ကမ္ဘောဇဘဏ် နာယကတို့ ဦးစီးအဖွဲ့မှ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ စားနပ်ရိက္ခာများ လာရောက်ပေးဝေလှူဒါန်းသည့်အတွက် များစွာကျေးဇူးတင်ရှိကြောင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦးအာကာလင်းမှ ပြောကြားသည်။
ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီသည် ကမ္ဘောဇဘဏ်မှ ယနေ့ထိ မတည်လှူဒါန်းငွေ သိန်း ၁၀ဝ၀ဝ နှင့် အများပြည်သူ ထည့်ဝင်လှူဒါန်းငွေများဖြင့် ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်ရာ ဒေသများ၊ တိုက်ပွဲရှောင်စခန်းများ၊ သာသနာရေးဆိုင်ရာ ကျောင်းများသို့ စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်းလျက်ရှိကြောင်း၊ ပအိုဝ်း၊ ဓနု၊ တောင်ရိုး၊ အင်းလူမျိုးများ စိုက်ပျိုးထားရှိပြီး ဈေးကွက်မရှိ၍ ဖျက်ဆီးပစ်ရမည့် ဂေါ်ဖီထုပ်များကိုလည်း အခင်းပြတ်ဝယ်ယူပြီး မြန်မာနိုင်ငံဒေသအသီးသီးသို့ ဖြန့်ဝေလှူဒါန်းလျက်ရှိကြောင်း၊ COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကိုလည်း ပြည်ပမှ ပြန်လည်ဝင်ရောက်လာသည့် ပြည်တော်ပြန်များအား စောင့်ကြည့်ထားရှိသည့် စခန်းများ၊ တိုက်နယ်ဆေးရုံများ၊ ကျေးလက်ဆေးပေးခန်းများသို့ နေရာအရောက် ပေးပို့လှူဒါန်းလျက်ရှိကြောင်း ယင်းကော်မတီမှ သိရသည်။
စိုးညွန့်ရွှေ (ပြည်နယ် ပြန်/ဆက်)


