တောင်ကြီး ၂၀ ဇွန်

 

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန်းငွေ၊ ပြည်နယ်စာရင်းစစ်ချုပ် ဒေါ်နန်းဝိုခမ်း၊ ကမ္ဘောဇဘဏ် နာယက ဦးအောင်ကိုဝင်း၊ အကြီးတန်းအုပ်ချုပ်မှုဒါရိုက်တာ ဦးညိုမြင့်နှင့် အရာထမ်းများ၊ ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေး ကော်မတီဝင်များ၊ ပရဟိတအဖွဲ့ဝင်များသည် ယနေ့  နံနက်ပိုင်းတွင် တောင်ကြီးမြို့ပေါ်ရှိ မသန်စွမ်းသင်တန်းကျောင်း၊ ဘိုးဘွားရိပ်သာ၊ သံဃာ့ဆေးရုံ၊ ပရဟိတကျောင်း၊ အမျိုးသမီးဖွံ့ဖြိုးရေး ပရဟိတဂေဟာနှင့် သီလရှင်စာသင်တိုက်များသို့ စားနပ်ရိက္ခာများ ဆက်လက်ထောက်ပံ့ လှူဒါန်းကြကြောင်း သိရသည်။

 

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့ စိန်တောင်ကြားလမ်းရှိ ဆရာမ ဒေါ်သန်းနွယ်အောင် တည်ထောင်ဖွင့်လှစ်ထားသည့် Morning Star ID မသန်စွမ်းသင်တန်းကျောင်းသို့ ရောက်ရှိပြီး ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ၄၀၀ တို့အား စားနပ်ရိက္ခာထုပ်များနှင့် အလှူငွေကျပ်သိန်း (၄၀) တို့ကို ထောက်ပံ့ပေးအပ် လှူဒါန်းခဲ့ကြသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်ဖြူစခန်းရပ်ကွက်ရှိ ကမ္ဘောဇဘဏ်မှ ၂၀၁၀ ခုနှစ်တွင် ငွေကျပ်သိန်း ၂၀၀၀ ကျော် အကုန်အကျခံကာ ဆောက်လုပ်လှူဒါန်းထားသည့် ညောင်ဖြူစခန်းရပ်ကွက်ရှိ ရှမ်းရိုးမ ဘိုးဘွားရိပ်သာသို့ ရောက်ရှိပြီး အဘိုးအဘွား ၂၈ ဦးတို့အား စားနပ်ရိက္ခာထုပ်များနှင့် အလှူငွေကျပ်ငွေကျပ် ၁၀၀၀၀ စီတို့ကို ပေးအပ် လှူဒါန်းခဲ့ကြသည်။ ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်  ကမ္ဘောဇဘဏ်က ၂၀၀၇ ခုနှစ်တွင် မြေ၊ အဆောက်အဦ၊ ဆေးရုံသုံးပစ္စည်းကိရိယာများ၊ ဆေးဝါးများ စသည်တို့အတွက် အလှူငွေကျပ်သိန်း ၂၀၀၀၀ ကျော် အကုန်အကျခံကာ ဆောက်လုပ်လှူဒါန်းခဲ့သည့် ဇီဝိတဒါနသံဃာ့ဆေးရုံသို့ ရောက်ရှိပြီး ဆန်အိတ်(၅၀)၊ ဆီ(၁၀)ပုံးနှင့် ကမ္ဘောဇဘဏ် နာယက ဦးအောင်ကိုဝင်းက ငွေကျပ်သိန်း ၁၀၀ တို့ကို အသီးသီးပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ထိုမှတစ်ဆင့် ပြည်နယ် စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီ နာယက နှင့် အဖွဲ့သည် အမျိုးသမီးဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ရောက်ရှိပြီး စားနပ်ရိက္ခာထုပ်များနှင့် အလှူငွေကျပ်သိန်း ၂၀ အား ပေးအပ်လှူဒါန်းပြီး ထိုမှတစ်ဆင့် သာသနာ့ဝံသီ၊ သီလရှင်စာသင်တိုက်သို့ ရောက်ရှိရာ သီလရှင်အပါး(၅၀)တို့အား ဆန်ဆီနှင့် တစ်ပါးလျှင်ငွေကျပ် ၁၀၀၀၀ စီတို့ကိုလည်းကောင်း၊ ကန်ကြီးရပ်ကွက်ရှိ ပဒုမ္မာစာရီပအိုဝ်း သီလရှင်စာသင်တိုက်သို့ ရောက်ရှိပြီး သီလရှင်အပါး ၁၀၀ တို့အား ဆန်၊ ဆီ၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် အလှူငွေကျပ် သိန်း ၅၀ တို့ကိုလည်းကောင်း အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြသည်။

 

ဆက်လက်၍ ပြည်နယ် စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီ နာယက နှင့် အဖွဲ့သည် လွယ်လုံပညာဗောဓိ ပရဟိတကျောင်းသို့ ရောက်ရှိပြီး ပရဟိတကျောင်းသား၊ ကျောင်းသူ ၁၈၆ ဦးအား စားနပ်ရိက္ခာထုပ်များနှင့် အလှူငွေကျပ်သိန်း ၂၀ တို့ကို ပေးအပ်ထောက်ပံ့လှူဒါန်းခဲ့ကြကြောင်း သိရသည်။

 

ကမ္ဘောဇဘဏ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး၊ ကုသရေး၊ ထိန်းချုပ်ရေးလုပ်ငန်းစဉ်များကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် KBZ MS General Insurance၊KBZ Life, Myanmar Airways International MAI နှင့် Air KBZ တို့နှင့်လက်တွဲ၍ ဖေဖော်ဝါရီ ၂၆ ရက်မှ စတင်ကာ ယနေ့အချိန်အထိ ငွေကျပ်သိန်းပေါင်း ၄,၇၆၆၈ လှူဒါန်းထားပြီးဖြစ်ကြောင်း သိရသည်။

 

ကမ္ဘောဇဘဏ်မှ မတည်ငွေကျပ်သိန်း ၁၀၀၀၀ နှင့် အများပြည်သူများ၏ လှူဒါန်းငွေများဖြင့် ပြည်သူလူထုများအား စဥ်ဆက်မပြတ် စားနပ်ရိက္ခာများ နေရာဒေသ ထောက်ပံ့ပေးအပ် လှူဒါန်းလျက်ရှိသည့် ရှမ်းပြည်နယ်ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေး ကော်မတီသည် ပြည်နယ်အတွင်း တိုင်းရင်းသားပေါင်းစုံ နေထိုင်ရာ ဒေသများသို့လည်းကောင်း၊ စားနပ်ရိက္ခာများ ဆက်လက်ထောက်ပံ့ လှူဒါန်းသွားမည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးအတွက် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသည့် ပြည်တော်ပြန်များအား စောင့်ကြည့်ရေးစခန်းများ၊တို က်နယ်ဆေးရုံများ၊ ကျေးလက်ဆေးပေးခန်းများသို့ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို နေရာအရောက် ဆက်လက်ထောက်ပံ့ ပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း ယင်းကော်မတီမှ သိရသည်။

 

စိုးညွှန့်ရွှေ (ပြည်နယ် ပြန်/ဆက်)