ကလော ၁၀ နိုဝင်ဘာ
ကလောမြို့ကို ပလောင်လူမျိုးများက စတင်တည်ထောင်ခဲ့ပြီး ကလောက်ဟူသည့် ပလောင်စကားမှ ဆင်းသက်လာတဲ့အမည်ဖြစ်တယ်လို့ ဒေသဆိုင်ရာ အချက်အလက်တွေမှာ ဖော်ပြကြတယ်။ ရှေးလူကြီးများပြောကြတဲ့ ပါးစပ်ရာဇဝင်အရဆိုရင်တော့ စော်ဘွားများလက်ထက်မှာ နယ်မြေမတည်ငြိမ်မှုကြောင့် ဦးကလောဆိုသူက ယခု နေရာမှာ အခြေချ ပြောင်းရွှေ့နေထိုင်လာရာက ကလောမြို့ဖြစ်ပေါ်လာတယ်လို့ ဆိုကြပါတယ်။
မြန်မာနိုင်ငံဟာ အင်္ဂလိပ်ကိုလိုနီလက်အောက်ကျချိန်မှာ အင်္ဂလိပ်တွေကိုယ်တိုင် တည်ခဲ့ပြီး ယနေ့အထိ ကိုလိုနီလက်ရာ အဆောက်အဦးတွေ မပျောက်မပျက်ရှိနေသေးတဲ့ ကလောမြို့လို့လည်းဆိုရမှာပါ။ ဒါ့အပြင် အေးချမ်းလှတဲ့ရာသီဥတု ၊ ရင်သပ်ရှုမောဖွယ် သဘာဝရှုခင်းတွေ ပိုင်ဆိုင်ထားတဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက ကလောမြို့ဟာ ပြည်တွင်း ၊ ပြည်ပ ခရီးသွားတွေလာရောက်လည်ပတ်ဖို့ စိတ်ဝင်စားတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။

ကလောမြို့နယ်ဟာ ဧရိယာ စတုရန်းမိုင် ၅၈၂.၁၃ ဧရိယာစတုရန်းမိုင် ကျယ်ဝန်းပြီး ကလောမြို့ကတော့ ဧရိယာစတုရန်းမိုင် ၃ ဒသမ ၇၄ ရှိပါတယ်။ ကလောမြို့နယ်အရှေ့ဘက်မှာ ညောင်ရွှေ ၊ တောင်ကြီးမြိုနယ်တွေနဲ့ နယ်နမိတ်ထိစပ်နေပြီး ၊ တောင်ဘက်မှာ ပင်လောင်း ၊ မြောက်ဘက်မှာ ပင်းတယ ၊ ရပ်စောက်မြို့နယ်တွေနဲ့ထိစပ်နေတဲ့ မြို့တစ်ခုဖြစ်ပါတယ်။
တောင်ကုန်းတောင်တန်းများပေါများတဲ့ ကလောမြို့ကို တီခေါင်တောင် ၊ မြင်းမထိတောင် ၊ မနောလှတောင် ၊ မြင်းကတောင် ၊ မိုင်းလုံးတောင်တို့က ဝန်းရံထားပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ၄၃၁၅ ပေ မှာ တည်ရှိပြီ၊ အေးမြစွတ်စိုသောရာသီဥတု ကို ပိုင်ဆိုင်ထားတဲ့ အေးချမ်းတဲ့မြို့လေးတစ်ခုဖြစ်ပါတယ်။ ကလောမြို့ကို သွားမယ်ဆိုရင် ကား ၊ ရထားနဲ့သွားလို့ရပါတယ်။ ကားနဲ့သွားမယ်ဆိုရင်တော့ ကလောကို တိုက်ရိုက်ရောက်တဲ့ကားမရှိပါဘူး။ တောင်ကြီးသွားတဲ့ကားကို စီးရမှာဖြစ်ပြီး ကလောမြို့မှာ ဆင်းရမှာဖြစ်ပါတယ်။ မန္တလေးကနေ ရထားနဲ့ သွားမယ်ဆိုရင် သာစည်ဘူတာမှာ ကလောရထားပြောင်းစီးရမှာဖြစ်ပါတယ်။
ကားနဲ့သွားမယ်ဆိုရင်တော့ လမ်းတစ်လျှောက်မှာ စိုင်းထီးဆိုင် ၊ စိုင်းစိုင်မောဝ် တို့သီဆိုထားတဲ့ ရှမ်းသီချင်းသံလေးတွေကို ကားပေါ်မှာနားဆင်နိုင်ပါသေးတယ်။ လေလေးတဖြူးဖြူးနဲ့ ကားပေါ်မှာ လွင့်ပျံလာတဲ့ ရှမ်းသီချင်းသံလေးကို နားဆင်ရင်း ကလောမြို့ကိုသွားရတဲ့အရသာဟာ ကြည်နူးစရာ ကောင်းလှပါတယ်။ကလောမြို့ကို ရောက်ရင် အဓိကလည်ပတ်ကြတာတွေကတော့ နှစ်တစ်ရာကျော်သက်တမ်းရှိတဲ့ ကလောဘူတာ ၊ ချက်ခ်ကျောင်း ၊ ရွှေဥမင်ဂူဘုရား ၊ နှီးဘုရား ၊ သိမ်တောင်ဘုရား ၊ အောင်ချမ်းသာဘုရား ၊ ဆုတောင်းပြည်ဘုရားတွေ ကိုအများဆုံး လည်ပတ်ကြပါတယ်။ သိမ်တောင်ဘုရားပေါ်ကကြည့်မယ်ဆိုရင် ကလောမြို့တစ်မြို့လုံးကို အပေါ်စီးကနေမြင်ရမှာပါ။

တောင်ကုန်း ၊ တောင်တန်းတွေပတ်လည်ဝိုင်းနေတဲ့ ကလောမြို့ကလေးက ခရီးသွားကို စွဲဆောင်နေတဲ့အရာတွေထဲက တောကြမ်းလမ်းလျှောက်တာလည်း တစ်ခုအပါအဝင်ဖြစ်တယ်။ အရင်ကဆိုရင် တောကြမ်းလမ်းလျှောက်တာကို နိုင်ငံခြားသားတွေကသာ စိတ်ဝင်တစားနဲ့ လာရောက်လည်ပတ်ကြပါတယ်။ လွန်ခဲ့တဲ့ ၄ နှစ်ခန့်လောက်က စပြီး ပြည်တွင်းခရီးသွားတွေပါ တောကြမ်းလမ်းလျှောက်တာကို စိတ်ဝင်စားလာကြပါတယ်။


တောကြမ်းလမ်းလျှောက်တဲ့အခါမှာ ကလောမြို့ အနီးတဝိုက်က ရေ ၊ မြေ ၊ တော ၊ တောင် သဘာဝတွေကိုလေ့လာနိုင်သလို ပလောင်တိုင်းရင်းသားတွေရဲ့ ဓလေ့တွေကို ပါလေ့လာနိုင်ပါတယ်။ တောင်စောင်းတွေမှာ စိုက်ထားတဲ့ လက်ဖက်စိုက်ခင်း ၊ လိမ္မော်ခြံတွေ နဲ့ သဘာဝအတိုင်းပေါက်နေတဲ့ ရောင်စုံ တောပန်းတွေရဲ့ အလှဟာ လာရောက်လည်ပတ်သူတွေအတွက် ရင်သပ်ရှူမောစရာမြင်ကွင်း တွေပါပဲ။

တောကြမ်းလမ်းလျှောက်တဲ့အခါမှာ ဧည့်လမ်းညွှန်တွေနဲ့သွားကြရပါတယ်။ သူတို့က ပလောင်တွေရဲ့ ဓလေ့တွေ ၊ ကလောမြို့ရဲ့အကြောင်းတွေ ကိုစုံစုံလင်လင်ရှင်းပြကြပါတယ်။ကလောမြို့ကနေ နေ့တစ်ဝက် ၊ တစ်ရက် ၊ တစ်ညအိပ်နှစ်ရက် ၊ နှစ်ညအိပ်သုံးရက် ၊ သုံးညအိပ်လေးရက် ၊ ငါးညအိပ် ခြောက်ရက် စသဖြင့် တောကြမ်းလျှောက်တဲ့ ခရီးစဉ်တွေရှိပါတယ်။ တောကြမ်းလမ်းလျှောက်ခြင်းအတွက် ဧည့်လမ်းညွှန်ငှားရမ်းခမှာ နေ့လယ်စာအပါအဝင် တစ်ရက်စာအတွက် လူတစ်ဦးကို ကျပ် ၂၀၀၀၀ ခန့်ရှိပြီး လူဦးရေများရင်များသလို ငှားရမ်းခလျှော့ပေးတာတွေရှိပါတယ်။

ကလောမြို့ကနေ တောကြမ်းလမ်းစတင်လျှောက်ခဲ့ပြီး နေ့လယ်စာကို တောင်ထိပ်ကနေ ရှူခင်းတွေကြည့်ရှူ့နိုင်တဲ့ Sky View မှာ နေ့လယ်စာကျွေးမွေးပါတယ်။ ပလောင် ၊ ဓနု ၊ တောင်ရိုးစတဲ့ တိုင်းရင်းသားကျေးရွာတွေကိုဖြတ်ပြီး တောင်ကြီး ၊ အင်းလေးဒေသအထိ တောကြမ်းလမ်းလျှောက်တဲ့ ခရီးစဉ်တွေရှိပါတယ်။ပြည်တွင်း ၊ ပြည်ပ ခရီးသွားတွေကို စွဲဆောင်နေတဲ့ ကလောမြို့မှာ ခရီးသွားရာသီဆိုရင် နေ့စဉ် ခရီးသွား ၄၀၀ ဝန်းကျင်ခန့် လာရောက်လည်ပတ်တယ်လို့ ဧည့်လမ်းညွှန်တွေဆီက သိရပါတယ်။ ကလောမြို့ရဲ့ နာမည်ကြီးပွဲတော်တစ်ခုဖြစ်တဲ့ ရိုးရာ မီးရှော်တိုင်နဲ့ မီးကြာစံ ပွဲတော်ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်မှာ ကျင်းပမှာဖြစ်ပါတယ်။ မီးရှော်တိုင် ၊ မီးကြာစံပွဲတော်ကာလမှာဆိုရင် ဟိုတယ် နဲ့ တည်းခိုးခန်း တွေမှာ ခရီးသွားဧည့်သည်တွေ ပြည့်နေတာမျိုး ကြုံတွေ့နိုင်ပါတယ်။
ခရီးသွားလုပ်ငန်းနဲ့ အောင်မြင်နေတဲ့ ကလောဒေသခံတွေဟာ ခရီးသွားရာသီ အချိန်လွန်သွားရင်တော့ စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ကိုင်ကြတယ်လို့သိရပါတယ်။အေးမြစွတ်စိုတဲ့ ရာသီဥတုရှိတဲ့ ကလောမြို့လေးဟာ ၂၀၁၇ ခုနှစ်အထိ တိုင်းတာချက်တွေအရ အမြင့်ဆုံးအပူချိန်ဟာ ၃၇ . ၄ စင်တီဂရိတ် အထိရှိခဲ့ပြီး ဆောင်းရာသီမှာ အနိမ့်ဆုံးအပူချိန် သုညဒီဂရီစင်တီဂရိတ်အထိရှိတဲ့ ဒေသဖြစ်ပါတယ်။ရှမ်းပြည်တောင်ပိုင်းရဲ့ ရတနာတစ်ပါးလို့ တင်စားကြတဲ့ ကလောမြို့ဟာ နွေရာသီနဲ့ ဆောင်းရာသီမှာ ခရီးဖို့ အသင့်တော်ဆုံးဖြစ်မယ်လို့ အကြံပြုချင်ပါတယ်။
အိမို့မို့ခိုင်