ရှမ်းရွာသစ် ၂ ဇွန်
ကရင်ပြည်နယ် ဘားအံခရိုင် ရှမ်းရွာသစ်မြို့ရှိ ကျေးလက်ကျန်းမာရေးဌာနသည် မြို့အတွင်းရှိ ကလေးငယ်များ ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန် ရည်ရွယ်၍ လစဉ်ပုံမှန် ဆောင်ရွက်လျက်ရှိသော ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းကို ယနေ့ နံနက်(၉)နာရီက သန္တိသုခဘုန်းတော်ကြီးကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းတွင် အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နော်အေးအေးချိုနှင့် ဝန်ထမ်းများက ရှမ်းရွာသစ်မြို့ပေါ်(၄)ရပ်ကွက်၊ ဘောဘောခီးကျေးရွာ၊ မဲကတောခီးကျေးရွာနှင့် ထီးကြားရာကျေးရွာရှိ အသက် (၂)နှစ်အောက်ကလေးငယ်များအား အသည်းရောင်အသားဝါ(ဘီ)ရောဂါ၊ ပိုလီယိုအကြောသေရောဂါ၊ မေးခိုင်ရောဂါ၊ တီဘီရောဂါ၊ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါနှင့် ဝက်သက်ရောဂါတို့မှ ကာကွယ်ရန်အတွက် အသက်အပိုင်းအခြားအလိုက် ကာကွယ်ဆေးများထိုးပေးခြင်း၊ တိုက်ပေးခြင်း၊ ကိုယ်အလေးချိန်ချိန်ပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များကိုလည်း လိုအပ်သောကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းတို့ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ဇင်လေး(ပြန်/ဆက်)


