ရှမ်းရွာသစ် ၁၃ ဇွန်
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ ဒေသဖွံ့ဖြိုးတိုးတက်စေရန်၊ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်စေရန်နှင့် လူနေမှုဘဝမြှင့်တက်စေရန် ရည်ရွယ်ပြီး ကွီးလေးကျေးရွာအုပ်စု၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဒေသနေပြည်သူများအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပထမအကြိမ် ကျေးလက် ဒေသနှင့် ဆင်းရဲမှုလျော့ချရေး ရန်ပုံငွေကျပ် ၄၉ သိန်းနှင့် ပြည်သူလူထုထည့်ဝင်ငွေကျပ် ၁၀ သိန်းဖြင့် ကွမ်းတော ကျေးရွာတွင်းလမ်း အရှည် ၅၀၀ ပေ၊ အကျယ် ၁၂ ပေနှင့် ထု ၆ လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းတစ်ခု၊ ဒုတိယအကြိမ် ကျေးလက်ဒေသနှင့် ဆင်းရဲမှုလျော့ချရေးရန်ပုံငွေကျပ် ၄၉ သိန်း၊ ပြည်သူလူထု ထည့်ဝင်ငွေကျပ် ၁၀ သိန်းဖြင့် ကွီးလေးကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း တစ်ခုတို့ကို ရာနှုန်းပြည့် ဆောင်ရွက်ပြီး ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကျေးရွာမီးလင်းရေးအတွက် ကွီးလေးကျေးရွာ နှစ်မိုင်ကျော် (၄၀၀)ဗို့အားလိုင်း သွယ်တန်းခြင်းလုပ်ငန်းကို ကမ္ဘာ့ဘဏ်ချေးငွေ ကျပ်သိန်း ၅၅၀ ဖြင့် ဆောင်ရွက်နေကြောင်း၊ အဆိုပါလုပ်ငန်းပြီးစီးပါက မိမိတို့ရပ်ရွာ ဒေသဖွံ့ဖြိုးတိုးတက်လာပြီး လူနေမှုအဆင့်အတန်း မြှင့်တက်လာမည်ဖြစ်ကြောင်း သိရသည်။
ဇင်လေး (ပြန်/ဆက်)


