ရှမ်းရွာသစ်    ဒီဇင်ဘာ   ၁၀

 

ကရင်ပြည်နယ် ဘားအံခရိုင် ရှမ်းရွာသစ်မြို့တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကရင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် မဲသမူးကျေးရွာအုပ်စုရှိ မဲသမူး-မဲသမူးခီးကျေးရွာကို ဆက်သွယ်ထားသော မြေသားလမ်း(၁)မိုင် ဖောက်လုပ်ခြင်းလုပ်ငန်းကို နိုဝင်ဘာလ(ဒုတိယပတ်)မှ စတင်ဖောက်လုပ်ခဲ့ရာ ယခုအခါ  (၇၀) ရာခိုင်နှုန်း ပြီးစီး ပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါမြေသားလမ်းဖောက်လုပ်ပြီးစီးပါက ရှမ်းရွာသစ်မြို့အတွင်းရှိ ကျေးရွာများမှ ဒေသတစ်ခုမှ တစ်ခုသို့ ပိုမို လွယ်ကူစွာ ကူးလူးသွားလာနိုင်ပြီး ဒေသတွင်းလမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာခြင်းကြောင့် ဒေသနေပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများတွင် ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်သည်။ ထို့ပြင် တောင်ယာစိုက်ပျိုးသည့် ပြည်သူများအနေဖြင့် မိမိတို့၏ ဒေသထွက်ကုန်များအား အချိန်တိုအတွင်း တင်ပို့ရောင်းချနိုင်ခြင်းကြောင့် ဝင်ငွေမြင့်မားလာပြီး လူမှုစီးပွားများစွာ ယခင်ကထက် တိုးတက်လာမည့်အပြင် မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်မှုကွာဟမှုသည်လည်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာခြင်းကြောင့် အချိန်တိုအတွင်း တိုးတက်ပြောင်းလဲလာမည်ဖြစ်သည်။

 

၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စုအတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များအား နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ပြည်နယ်) ခွင့်ပြု ရန်ပုံငွေ ကျပ် (၈၅ ဒသမ ၇၀၆) သန်းဖြင့် မဲသမူး-မဲသမူးခီးကျေးရွာချင်းဆက်လမ်း မြေသားလမ်း(၁)မိုင် ဖောက်လုပ် ခြင်းလုပ်ငန်းနှင့် Box Culvert(၄)ခု တည်ဆောက်ခြင်းလုပ်ငန်းကို စိုးပါဝါနိုင်ကုမ္ပဏီမှ တာဝန်ယူ၍ ဖောက်လုပ်ဆောင်ရွက်လျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

 

ရှမ်းရွာသစ်(ပြန်/ဆက်)