ရှမ်းရွာသစ်၊ ၂၃ ဒီဇင်ဘာ
ကရင်ပြည်နယ် ဘားအံခရိုင် ရှမ်းရွာသစ်မြို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသနှင့် ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန (ပြည်နယ်)ခွင့်ပြုရန်ပုံငွေကျပ် ၇၃ ဒသမ ၅၂၀ သန်းဖြင့် ရှမ်းရွာသစ်မြို့ မဲသမူး-မဲသမူးခီးကျေးရွာသို့ ဆက်သွယ်ထားသော မြေသားလမ်း (၂)မိုင်ကို ဒီဇင်ဘာလဒုတိယပတ်က စတင် ဖောက်လုပ်လျက်ရှိပြီး ယခုအချိန်တွင် ၅၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူဖောက်လုပ်သည့် အရှည် ပေ (၂၅၈၀) နှင့် အကျယ် ပေ (၃၀)ရှိ မြေသားလမ်း(၂)မိုင် ဖောက်လုပ်ပြီးစီးပါက ရှမ်းရွာသစ်မြို့အတွင်းရှိ ကျေးရွာများမှ ဒေသတစ်ခုမှတစ်ခုသို့ ပိုမိုလွယ်ကူစွာ ကူးလူးသွားလာနိုင်မည်ဖြစ်သည်။ ဒေသတွင်း လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်လာခြင်းကြောင့် မဲသမူးကျေးရွာအုပ်စုရှိ အိမ်ခြေပေါင်း(၁၄၂)အိမ်နှင့် အိမ်ထောင်စု ပေါင်း(၁၈၈)စုတို့၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများတွင် ယခင်ကထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းသိရသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မဲသမူးကျေးရွာအုပ်စုရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ပြည်နယ်) ခွင့်ပြုရန်ပုံငွေကျပ် ၅၁ ဒသမ ၄၂၀ သန်းဖြင့် ပေ (၃၀) အရှည်ရှိ ကွန်ကရစ်တံတားတစ်စင်းနှင့် ပြည်နယ်ခွင့်ပြုရန်ပုံငွေ ၉ ဒသမ ၂၇၀ သန်းဖြင့် Box Culvert (၂)ခု တည်ဆောက်ခြင်းလုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)


