ရှမ်းရွာသစ်၊ ၈ ဒီဇင်ဘာ
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ကျေးလက်ကျန်းမာရေးဌာနသည် မြို့အတွင်းရှိ ဒေသနေပြည်သူများ ကျန်းမာရေး အသိပညာဗဟုသုတ ရရှိစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ ယမန်နေ့က ရှမ်းရွာသစ်မြို့ မဲလောခီးကျေးရွာအုပ်စုရှိ ဝါးမီးကလားကျေးရွာတွင် အသက် ၂ နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်အား ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါလုပ်ငန်းတွင် ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများတို့က ကလေးငယ်များ ကူးစက်ရောဂါတို့မှ ကာကွယ်ရန်နှင့် လကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးအသိရှိစေရန်အတွက် ကျန်းမာရေး အသိပညာပေးခြင်း၊ အသက် ၂ နှစ်အောက် ကလေးငယ်များအား ကိုယ်အလေး ချိန်ချိန်ပေးခြင်း၊ လက်မောင်းလုံးပတ်တိုင်းပေးခြင်း၊ အရပ်တိုင်းပေးခြင်း၊ အသည်းရောင် အသားဝါ (ဘီ)ရောဂါ၊ ပိုလီယို အကြောသေရောဂါ၊ မေးခိုင်ရောဂါ၊ တီဘီရောဂါ၊ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါနှင့် ဝက်သက်ရောဂါတို့မှ ကင်းဝေးစေရန် အသက်ပိုင်းအခြားအလိုက် ကာကွယ်ဆေးများထိုးပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များကိုလည်း လိုအပ်သော ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ဇင်လေး(ပြန်/ဆက်)


