ရှမ်းရွာသစ် ၇ အောက်တိုဘာ

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ကျေးလက်ကျန်းမာရေး ဌာနသည် မြို့အတွင်းရှိ ဒေသနေပြည်သူများနှင့် ကလေးငယ်များ ကျန်းမာရေးအသိပညာ ဗဟုသုတရရှိစေရန်နှင့်  ကူးစက်ရောဂါတို့မှ  ကင်းဝေးစေရန် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲပိုင်းက ရှမ်းရွာသစ်မြို့ မဲလောခီး ကျေးရွာအုပ်စုရှိ ဝါးမီးကလား ကျေးရွာတွင် ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

 

အဆိုပါလုပ်ငန်းတွင် ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက အသက်နှစ်နှစ်အောက် ကလေးငယ်များအား  အသည်းရောင် အသားဝါ (ဘီ) ရောဂါ၊ ပိုလီယို အကြောသေရောဂါ၊ မေးခိုင်ရောဂါ၊ တီဘီရောဂါ၊ ဆုံဆို့နာ၊ ကြက်ညှာ ချောင်းဆိုးရောဂါ၊ ဦးနှောက် အမြှေးရောင်ရောဂါနှင့် ဝက်သက်ရောဂါတို့မှ ကင်းဝေးစေရန် အသက်ပိုင်းအခြားအလိုက် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ အသက် (၅) နှစ် အောက် ကလေးငယ်များအား  ကိုယ်အလေးချိန် ချိန်ပေးခြင်း၊ အစာအုပ်စု သိကောင်းစရာများအကြောင်း  ဆွေးနွေးခြင်း၊ မကူးစက်တတ်သော ရောဂါများအကြောင်း ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကိုယ်ဝန်ဆောင် မိခင်များကိုလည်း လိုအပ်သော ကျန်းမာရေး စောင့်ရှောက်ပေးမှု လုပ်ငန်းတို့ကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

 

ဇင်လေး(ပြန်/ဆက်)