ရှမ်းရွာသစ်မြို့ကွီးလေးကျေးရွာတွင် အသက်(၁၅)နှစ်မှ(၁၈)နှစ်အတွင်း ဒေသနေပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေး

ရှမ်းရွာသစ်      ဇွန်     ၃

           

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှုကို လျှော့နည်းစေရန်ရည်ရွယ်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို အရှိန်အဟုန်မပျက် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီမှစ၍ ကွီးလေးကျေးရွာတွင် အသက်(၁၅)နှစ်မှ (၁၈)နှစ်အတွင်း ဒေသနေပြည်သူ(၂၂)ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို တာဝန်ရှိသူများက ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

           

ရှမ်းရွာသစ်မြို့တွင် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ၂၀၂၁ခုနှစ်၊ ဩဂုတ်လမှ စတင်ထိုးနှံပေးလျက်ရှိပြီး မြို့အတွင်းရှိ ဒေသနေပြည်သူများ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် မြို့နှင့်အလှမ်းဝေးသော ကျေးရွာအုပ်စုများ၊ သွားလာရခက်ခဲသော ကျေးရွာများနှင့် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေးသည့် ဒေသနေပြည်သူများအား ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

           

ရှမ်းရွာသစ်မြို့တွင် မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၉)အုပ်စုရှိပြီး ရာနှုန်းပြည့်ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်နှင့်ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ကျေးရွာအုပ်စု တာဝန်ရှိသူများတို့က ပူးပေါင်း၍ ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

ဇင်လေး(ပြန်/ဆက်)