ရှမ်းရွာသစ် ၂၀ ဩဂုတ်
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး၍ “လူငယ်နှင့်စာပေ” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ရှမ်းရွာသစ်မြို့ အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ယနေ့နံနက် (၉)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ရှမ်းရွာသစ်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးနွဲ့က “လူငယ်နှင့်စာပေ” ခေါင်းစဉ် ဖြင့် ပြည်သူ့စကားဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်က စာပေနှင့်ပတ်သက်သော အတွေးအမြင် အကြောင်းအရာများကိုလည်းကောင်း၊ ကျောင်းအုပ်ဆရာမ ဒေါ်အေးအေးလွင်က လူတိုင်း၏ဘဝသည် စာပေနှင့် ပြောင်းလဲလာပုံ အကြောင်းကိုလည်းကောင်း၊ ရှမ်းရွာသစ်တိုက်နယ်ဆေးရုံမှ ဒေါက်တာဟိန်းမင်းကျော်က စာပေများများဖတ်မှ နိုင်ငံနှင့် လူမျိုးသည် တိုးတက်နိုင်မည်အကြောင်းကိုလည်းကောင်း၊ လမ်းဦးစီးဌာနမှ ဦးစီးမှူး ဦးဘိုဘိုလွင်က စာပေတည်းဟူသော ပြတင်းပေါက်ကို ဖွင့်ကြည့်လိုက်မှသာ ပြင်ပကမ္ဘာကို သဲကွဲစွာမြင် နိုင်မည်အကြောင်းအရာ လည်းကောင်းနှင့် Book Club အဖွဲ့မှ ဦးစည်သူမျိုးက လူငယ်များသည် နိုင်ငံတိုင်း၏ အားထား ရာဖြစ်သောကြောင့် နိုင်ငံတိုးတက်ဖို့ စာများများဖတ်ရန်လိုကြောင်းကို အသီးသီးဆွေးနွေးခဲ့ကြသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ ဆရာ/မများနှင့် ကျောင်းသား/ သူ များမှ “လူငယ်နှင့်စာပေ” ပတ်သက်ပြီး သိရှိလိုသော အကြောင်းအရာများကို မေးမြန်းကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ဝေဠု (ပြန်/ဆက်)


