ရှမ်းရွာသစ် ၁၂ ဩဂုတ်
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက် ပွဲကော်မရှင် အဖွဲ့ခွဲမှ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင်စာရင်းများကို ဇူလိုင် ၂၅ ရက်မှ စတင်ကာ ကပ်ထားကြေညာပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းတွင် မဲဆန္ဒရှင်စာရင်းများ ပိုမိုပြည့်စုံမှန်ကန်စေရန်နှင့် လိုအပ်သည့် တောင်းဆိုမှု၊ ကန့်ကွက်မှု၊ ပြင်ဆင်မှုများဆောင်ရွက်ရန်အတွက် အချိန်ပိုမိုရရှိစေရန်ရည်ရွယ်၍ ဩဂုတ် ၈ ရက်မှ ၁၄ ရက်အထိ ထပ်မံတိုးမြှင့် ကပ်ထားပေးပြီး မဲဆန္ဒရှင်များမှ လာရောက်ကြည့်ရှုကြကြောင်း၊ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာပေးသည့် အချိန်မှစ၍ ယနေ့အထိ မဲဆန္ဒရှင်စာရင်း လာရောက်ကြည့်ရှုသူ စုစုပေါင်း (၄၀၆၃)ဦး ရှိကြောင်း၊ မိမိအမည်ပါဝင်ခြင်းမရှိပါက တောင်းဆိုလွှာ ပုံစံ(၃)ဖြင့် လာရောက်လျှောက်ထား သူ(၂၆)ဦး၊ မဲစာရင်းပါအမည်နှင့် အခြားအချက်အလက်များအား ကန့်ကွက်ရန်ရှိပါက ကန့်ကွက်လွှာပုံစံ (၄)ဖြင့် လာရောက်လျှောက်ထားသူ (၃၆)ဦး၊ ပြင်ဆင်ရန်ရှိပါက ပြင်ဆင်လွှာပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်သူ (၁၀၃) ဦးတို့အား ပြန်လည်ပြင်ဆင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် ရပ်ကွက်/ကျေးရွာအုပ်စု(၉)အုပ်စု၌ မဲရုံပေါင်း(၁၆)ရုံဖွင့်လှစ်သွားမည်ဖြစ်ရာ မဲပေးပိုင်ခွင့် ရှိသူ(၁၂၃၈၂)ဦးရှိပြီး မဲဆန္ဒရှင်စာရင်းများစနစ်တကျ ကပ်ထားကြေညာထားမှုနှင့် ပြည့်စုံမှန်ကန်စေရန် မြို့ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)