ရှမ်းရွာသစ် ၂၂ နိုဝင်ဘာ
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် တောင်သူများ မြေဆီလွှာထိန်းသိမ်းခြင်းနှင့်ဓာတ် မြေဩဇာများ စနစ်တကျအသုံးပြုတတ်စေရန် ရည်ရွယ်၍ ယနေ့နံနက် (၉) နာရီတွင် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ရှမ်းရွာသစ်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြေဆီလွှာ ထိန်းသိမ်းခြင်းနှင့် ဓာတ်မြေဩဇာ စနစ်တကျ အသုံးပြုနည်း သင်တန်းကို ရှမ်းရွာသစ်မြို့ သန္တိသုခ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်က စိုက်ပျိုးမြေများ မြေဆီလွှာ ထိန်းသိမ်းခြင်းနှင့် ပတ်သက်၍ အမှာစကား ပြောကြားပြီးနောက် လှိုင်းဘွဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးကြည်ဝင်း၊ မြို့စိုက် ပျိုးရေးဦးစီးမှူး ဦးမြင့်မောင်နှင့် ဝန်ထမ်းများတို့က စပါးသီးနှံ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် ဓာတ်မြေ ဩဇာထည့်သွင်းနည်း၊ နိုက်တြိုဂျင်ဓာတ်မြေဩဇာ(ပုလဲထည့်သွင်းနည်း)၊ အရွက်အရောင် တိုင်းကတ် အသုံးပြုနည်း၊ ဖော့စဖရပ်နှင့် ပိုတက်ဓာတ်မြေဩဇာထည့်သွင်းနည်း၊ ဒိုချက်ကင် သဘာဝမြေဩဇာပြုလုပ် သုံးစွဲနည်း၊ မြေချဉ်ပြုပြင်ရေးနည်းလမ်းများ၊ မြေ၏ ချဉ်ငန်ကိန်းနှင့် မြေတွင်းအာဟာရဓာတ်ဆက်စပ်ပုံ စသည့် မြေဆီလွှာ ထိန်းသိမ်းခြင်းနှင့် ဓာတ်မြေဩဇာ သုံးစွဲနည်းများကို ဆွေးနွေးပို့ချ သင်ကြားပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ သင်တန်းသို့ မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်၊ လှိုင်းဘွဲမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးမှူး ဦးကြည်ဝင်းနှင့် ဝန်ထမ်းများ၊ ရှမ်းရွာသစ်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးမြင့်မောင်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် ကျေးရွာအုပ်စုများရှိ တောင်သူများ တက်ရောက် ခဲ့ကြောင်း သိရှိရသည်။
ဇင်လေး(ပြန်/ဆက်)


