ရှမ်းရွာသစ် အောက်တိုဘာ  ၁၈

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ကျေးရွာအုပ်စုများရှိ တောင်သူများသည် ဆောင်းသီးနှံ တစ်မျိုးဖြစ်သော မြေပဲစိုက်ပျိုးခြင်းလုပ်ငန်းကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြပြီး အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း သိရသည်။

 

ရှမ်းရွာသစ်မြို့တွင် ဝဥစိုက်ပျိုးသည့်လုပ်ငန်း၊ တစ်ပိုင်တစ်နိုင် ဥယျာဉ်ခြံမြေစိုက်ပျိုးသည့် လုပ်ငန်းများအပြင် ဆီထွက်သီးနှံများဖြစ်သော မိုးနှောင်းနှမ်း၊ နေကြာနှင့် မြေပဲတို့ကို အဓိကထားလုပ်ကိုင် စိုက်ပျိုးကြပြီး စိုက်ပျိုးစရိတ်ကုန်ကျမှုနည်းပါးသော မြေပဲသီးနှံကို စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေး၊ ပြည်တွင်းစားသုံးဆီ ဖူလုံစေရေး၊ စိုက်ပျိုးတောင်သူများ တစ်ဧကအထွက်နှုန်း တိုးတက်ကောင်းမွန်စေရေး၊ မျိုးကောင်းမျိုးသန့်များ စနစ်တကျ စိစစ်ရွေးချယ်စိုက်ပျိုးနိုင်စေရေးနှင့် တောင်သူများ ဝင်ငွေတိုးတက်စေရေးတို့အတွက် နှစ်စဉ်စိုက်ပျိုးကြကြောင်း သိရသည်။

 

မြေပဲစိုက်ပျိုးရာတွင် အတန်းလိုက်စနစ်ဖြင့် စိုက်ပျိုးကြပြီး အပွင့်မပွင့်မီနှင့် အပွင့်ပွင့်သီးကင်းလိုက်ချိန်တွင် မိုးသတ်ဆေးများ၊ အားဆေးများပက်ဖျန်းရကြောင်း၊ ကုန်ကျစရိတ်သက်သာပြီး တစ်ပိုင်တစ်နိုင် စိုက်ပျိုးနိုင်သည့်အတွက်ကြောင့် နှစ်စဉ်စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း၊ စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် မြေပဲများအထွက်နှုန်း ကောင်းမွန်စွာထွက်ရှိရေးနှင့် စိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းစေရန် မြေဆီလွှာတွင် အာဟာရဓာတ်များပါဝင်မှု စစ်ဆေးပေးခြင်း၊ ဓာတ်မြေဩဇာ စနစ်တကျအသုံးပြုစေခြင်း၊ မြေပဲများ အောင်မြင်စွာစိုက်ပျိုးနိုင်ရေးနှင့် ရောဂါပိုးကျရောက်မှု မရှိစေရေးအတွက် စိုက်ပျိုးရေးဆိုင်ရာနည်း ပညာပေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

 

ဇင်လေး(ပြန်/ဆက်)