မိတ္ထီလာ ၂ဝ ဖေဖော်ဝါရီ
ကလောမြို့နယ် နန့်ပန်တက်ကျေးရွာအနီးတွင်တည်ရှိသည့် ရှမ်းရိုးမအပန်းဖြေဆင်စခန်းတွင် အပန်းဖြေ လာရောက်သူများအား ဆင်စီးခြင်းအပြင် အခြားဝန်ဆောင်မှုများ ပိုမိုပေးနိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ရှမ်းရိုးမ အပန်းဖြေဆင်စခန်းကိုအပန်းဖြေလာရောက်တဲ့ ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များအတွက် သဘာဝ သစ်တောများထဲကို ဆင်စီးခြင်းအပြင် အခြားဝန်ဆောင်တွေပိုမိုပေးနိုင်ဖို့ လတ်တလော ပြင်ဆင်ဆောင်ရွက်နေပါတယ်။ ဆင်စခန်းကနေ ၂ မိုင်ခန့်ဝေးတဲ့ ဘူးချောင်းဝဖျား ရေတံခွန် ခြေလျင်ခရီး ၊ ခရီးတို ဆင်စီးခြင်း၊ တောတွင်းလမ်းအတိုင်း ဆိုင်ကယ်ခရီးစီးပြီး ရေတံခွန်သို့ သွားရောက်ခြင်း၊ ရေချိုးအပန်းဖြေနိုင်မယ့် ရေအိုင်နဲ့ နားနေဆောင်များ တိုးချဲ့ခြင်း ၊ အမှတ်တရ လက်ဆောင်ပစ္စည်းများ ရောင်းချပေးခြင်း စတဲ့ ဝန်ဆောင်မှုတွေကို ပိုမိုဖြည့်ဆည်းဖို့ ပြင်ဆင်ဆောင်ရွက်နေပါတယ်။ လက်ရှိမှာလည်း ရှမ်းရိုးမ အပန်းဖြေဆင်စခန်းကို လာရောက်လည်ပတ်အနားယူပြီး သဘာဝသစ်တောထဲမှာ ဆင်စီးခြင်း ၊ဆင်ရေချိုး ( ရေချ) တာကိုအနီးကပ်ကြည့်ရှုခြင်း၊ ဆင်များကို ကိုယ်တိုင် ရေချိုးပေးခြင်း ၊ ဆင်များ သဘာဝအတိုင်း တောထဲမှာနေထိုင်တဲ့ဓလေ့ကိုဆင်ဦးစီးများနဲ့အတူ လေ့လာခြင်း ၊ ဆင်များနဲ့ ဓာတ်ပုံ ၊ ဗီဒီယိုများ ရိုက်ကူးခြင်း ၊ ဆင်သမားကျေးရွာသို့ သွားရောက်လေ့လာခြင်း ၊ ရေတံခွန် ရေအိုင်များ မှာ ရေချိုးအပန်းဖြေခြင်း တွေ ပြုလုပ်အပန်းဖြေနိုင်ပါတယ်”ဟု ၎င်းဆင်စခန်း တာဝန်ခံ ကိုစိုင်းသန်းနိုင် က ပြောသည်။
ရှမ်းရိုးမအပန်းဖြေ ဆင်စခန်းကို ၂၀၁၈ ဖေဖော်ဝါရီ ၁၃ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး တစ်နှစ်ခွဲသား ဆင်အမွှာ၂ ကောင် ၊ ဆင်မ ၄ ကောင် ၊ဆင်ထီး ၂ ကောင် စုစုပေါင်း ၈ ကောင်ရှိကာ လက်ရှိတွင် လာရောက် အပန်းဖြေသူများဆင်စီးနိုင်ရန် ဆင် ၅ ကောင်ဖြင့် ဝန်ဆောင်မှုပေးထားပြီး ဆင်ကောင်ရေ ပိုမိုထားရှိနိုင်ရေး အတွက်လည်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချမ်းသာ ( မိတ္ထီလာ)