ရှမ်း တိုင်းရင်းသားတို့၏ ရိုးရာ ဓလေ့ထုံးတမ်းစဉ်လာကို ပိုမိုသတိပြု အလေးထား တတ်စေရန်အတွက် ရည်ရွယ်ကာ ယနေ့ ညနေပိုင်းက ပထမအကြိမ် ရန်ကုန်ရောက် ရှမ်းတိုင်းရင်းသားရိုးရာသင်္ကြန် (အကြို) အခမ်းအနားကို ရန်ကုန်မြို့ ကရဝိတ် ဥယျာဉ်တွင်း မျှော်စင်ကျွန်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

 

 

ရှေးဦးစွာ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်) နာယက ဒေါက်တာစိုင်းဆိုင်အိုက်၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ တက္ကသိုလ်များနယက ဒေါက်တာ စိုင်းနော်ခေး၊ ချယ်ရီ FM မန်နေဂျင်းဒါရိုက်တာတို့က အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

 "ဒီကနေ့ အခမ်းအနားကတော့ ရှမ်းတိုင်းရင်းသားတို့ရဲ့ ရိုးရာဓလေ့ ယဉ်ကျေးမှုတွေကို ပိုမိုသိရှိလာဖို့နဲ့ ကိုယ့်ရိုးရာ ကိုယ်ယဉ်ကျေးမှုတွေကို အမြတ်တနိုး တန်ဖိုးထား လေးစားတတ်စေဖို့အတွက် ရည်ရွယ်ပြီး ရန်ကုန်ရောက် ရှမ်းတိုင်းရင်းသားတွေအနေနဲ့ ပထမဆုံးအကြိမ် ရှမ်းရိုးရာသင်္ကြန်ကို ကျင်းပရခြင်း ဖြစ်ပါတယ်"ဟု ရန်ကုန်ရောက် ရှမ်းတိုင်းရင်းသားတစ်ဦးဖြစ်သူ စိုင်းအောင်ခေးဆင့်က ပြောသည်။

ရှမ်းတိုင်းရင်းသားတို့ရဲ့ သင်္ကြန်ပွဲတော်ကာလမှာ မြန်မာတိုင်းရင်းသားတို့၏ သင်္ကြန်နှင့် အတူတူပင်ဖြစ်ကြောင်း၊ သို့ရာတွင် ကျင်းပပုံမတူကြောင်း၊ သင်္ကြန် ရေပက်ကစားခြင်းမပြုမီ မိမိတို့ ကြိုတင်စီစဉ်ပြုလုပ်ထားသော သဲပုံစေတီသို့ ရှမ်းရိုးရာ အိုးစည်ဗုံမောင်းများ၊ ရှမ်းကိန္နရာအကတို့ဖြင့် သီဆိုကခုန်ကာ လှည့်လည် ရောက်ရှိလာပြီး သဲပုံစေတီအား ရှမ်းရိုးရာ မုန့်အမျိုးမျိုး၊ ရှမ်းပြည်ထွက် သစ်သီးဝလံများ၊ တံခွန်ကုက္ကားတို့ဖြင့် ကပ်လှူပူဇော်၍ ရဟန်းသံဃာတို့က ပရိတ်တရား ရွတ်ဖတ်ပူဇော်ခြင်း၊ ဘုရားရေသပ္ပာယ်ခြင်းတို့ ပြုလုပ်ပြီးနောက် ရေကစားခြင်းကို ပြုလုပ်ကြကြောင်း သိရသည်။

 

ယနေ့ အခမ်းအနားတွင်လည်း ရှမ်းရိုးရာအစဉ်အလာအတိုင်း ကျင်းပကြခြင်းဖြစ်သည်။ အခမ်းအနား ဖွင့်လှစ်ပြီးနောက် ရှမ်းရိုးရာသီချင်းများဖြင့် သီဆိုဖျော်ဖြေခြင်း၊ ရေပက်ကစားခြင်း၊ ရှမ်းရိုးရာ မုန့်အမျိုးမျိုးဖြင့် စတုဒိသာ ကျွေးမွေးဧည့်ခံခြင်းတို့ကို ပျော်ပျော်ပါးပါး ပြုလုပ်ကာ ဆင်ယင်ကျင်းပခဲ့သည်။

 သတင်းနှင့်ဓာတ်ပုံ မြင့်မောင်