ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ် ရှမ်းတိုင်းရင်းသား များစာပေနှင့် ယဉ်ကျေးမှုကော်မတီက ကြီးမှူး၍ ၂၁၁၄ ခုနှစ် ရှမ်းနှစ် ရှမ်းတိုင်းရင်းသားများ ပီမိုင်တိုင်းနှစ်သစ်ကူး ပွဲတော်ကို နိုဝင်ဘာ ၂၇ ရက်က သီပေါမြို့နယ် ဝိုင်းကောင် ကျေးရွာ ရှမ်းစာပေနှင့် ယဉ်ကျေးမှုကွင်း၌ ကျင်းပရာ ရှမ်းတိုင်းရင်းသား၊ တိုင်းရင်းသူလေးများက မင်္ဂလာအပေါင်း နှင့်ပြည့်စုံသော နှစ်သစ်ကြိုရှမ်းတေးသီချင်းများ သီဆို၍ ဖွင့်လှစ်သည်။
ရှမ်းနှစ်သစ်ကူးပွဲတော်တွင် မြို့နယ်ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီနာယက ဦးဆန်စိုင်းသာညွန့်က ကြိုဆိုနှုတ်ဆက်စကားပြောကြားပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစမ်းစမ်းအေးက အမှာစကား ပြောကြား၍ ရှမ်းစာပေနှင့်ယဉ်ကျေးမှုဥက္ကဋ္ဌ ဦးစိုင်းငို့ကွမ်းက မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော ရှမ်း နှစ်သစ်ကူးဖြစ်ပေါ်လာပုံနှင့် နှစ်သစ်ကူးပွဲတော်ကို နတ်တော်လအတွင်း နှစ်စဉ်ကျင်းပခဲ့ပုံများကို ရှင်းလင်း တင်ပြသည်။
ထို့နောက် ရှမ်းတိုင်းရင်းသားရိုးရာတေးသီချင်းများ၊ အကပဒေသာများ၊ မိုင်းတိုင်းဟန်လီတေးအကများ၊ ရှမ်းအိုးစည်တီးဝိုင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး တက်ရောက်လာသူဧည့်ပရိသတ်များကို ရှမ်းရိုးရာအစား အစာများဖြင့် ဧည့်ခံကျွေးမွေးသည်။
ရှမ်းနှစ်သစ်ကူးဖြစ်ပေါ်လာခြင်းမှာ သာသနာ သက္ကရာဇ် ၄၅၀ ပြည့်နှစ် နတ်တော်လဆန်း ၁ ရက်နေ့ တွင် ရှမ်းတိုင်းရင်းသားများနေထိုင်ရာဒေသသို့ ဗုဒ္ဓ သာသနာရောက်ရှိချိန်မှ ရှမ်းသက္ကရာဇ်စတင်ခဲ့ပြီး နှစ်စဉ် နတ်တော်လဆန်း ၁ ရက်နေ့ကို ရှမ်းနှစ်ဆန်း ၁ ရက်နေ့ အဖြစ်သတ်မှတ်၍ ရှမ်းနှစ်သစ်ကူးပွဲတော်ကို နတ်တော်လ အတွင်း နှစ်စဉ်ကျင်းပခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
စိုင်း(သီပေါ)
ကြေးမုံ