တောင်ကြီး ၁၅ ဇွန်
ရှမ်းယူနိုက်တက်အသင်းသည် ၂၀၁၉ ရာသီကြိုပြိုင်ပွဲဖြစ်သည့် MFF ချာရတီဖလားပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် ဆုဖလားအပ်နှံပွဲနှင့် ၂၀၁၇ ရာသီတွင် ရှမ်းယူနိုက်တက်အသင်းကို အောင်မြင်မှုရအောင် စွမ်းဆောင်ပေးခဲ့သည့် နည်းစနစ်ဒါရိုက်တာ ဦးဆန်းဝင်းနှင့် နည်းပြချုပ် ဦးစိုးမြတ်မင်းအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် တာဝန်ရှိသူများ၊ ရှမ်းယူနိုက်တက်ဘောလုံးအသင်း ဥက္ကဋ္ဌ ဦးခွန်နောင်မြင့်ဝေနှင့် အသင်းတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရှေးဦးစွာ ၂၀၁၉ ရာသီ MFF ချာရတီဖလားပြိုင်ပွဲတွင် ရရှိခဲ့သည့် ချန်ပီယံဆုဖလားကို ရှမ်းယူနိုက်တက်အသင်း ဥက္ကဋ္ဌ ဦးခွန်နောင်မြင့်ဝေနှင့် လူငယ်ဖွံ့ဖြိုးရေးတာဝန်ခံ ဦးမင်းသူ (ယခင်နည်းပြချုပ်)က ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်ထံ အပ်နှံပြီး ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၁၀ဝ ချီးမြင့်ရာ ရှမ်းယူနိုက်တက်အသင်း CEO ဦးစိုးနိုင်က လက်ခံရယူသည်။ ဆက်လက်၍ ၂၀၁၇ ရာသီတွင် ရှမ်းယူနိုက်တက်အသင်းကို အမှတ်ပေးနှင့် ရှုံးထွက်ချန်ပီယံဆုရအောင် စွမ်းဆောင်ပေးခဲ့သည့်နည်းစနစ်ဒါရိုက်တာ ဦးဆန်းဝင်း (ကွယ်လွန်) နှင့် နည်းပြချုပ် ဦးစိုးမြတ်မင်းတို့ကို ဂုဏ်ပြုဆုတံဆိပ်နှင့် ဆုကြေးကျပ်သိန်း ၅၀ စီကို ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းခင်မောင်ညွန့်နှင့် ဘဏ္ဏရေးမှူး ဦးဝင်းနိုင်တို့က ပေးအပ်ရာ ဦးဆန်းဝင်း၏ ကိုယ်စား မိသားစုဝင်များနှင့် နည်းပြချုပ်ဦးစိုးမြတ်မင်းတို့က လက်ခံရယူသည်။
ယင်းဆုများကို ဇွန် ၁၅ ရက်က တောင်ကြီးမြို့ရှိပြည်နယ်ကွင်း၌ ကျင်းပသည့် ရှမ်းယူနိုက်တက်နှင့် Chinland အသင်းတို့ ပွဲမတိုင်မီ ချီးမြင့်ခဲ့ခြင်းဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် ၂၀၁၇ ရာသီတွင် MNL အမှတ်ပေးပြိုင်ပွဲနှင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲနှစ်ခုစလုံးတွင် ဗိုလ်စွဲခဲ့ပြီး ယခုရာသီတွင်လည်း ဖလားနှစ်လုံးလမ်းကြောင်းပေါ်တွင် ရပ်တည်လျက်ရှိသည်။ ရှမ်းယူနိုက်တက်အသင်းသည် ၂၀၁၉ ရာသီကြို ပြိုင်ပွဲဖြစ်သည့် MFF ချာရတီဖလားပြိုင်ပွဲတွင် ရန်ကုန်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်တွင် အနိုင်ရခဲ့ခြင်းဖြစ်သည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်