၄ သြဂုတ်
၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၉) ဒုတိယနေ့ကို ယနေ့ညနေပိုင်းက ဆက်လက်ကျင်းပရာ ရှမ်းယူနိုက်တက် နှင့် Southern အသင်းတို့ နိုင်ပွဲရရှိခဲ့သည်။
တောင်ကြီးကွင်း၌ ကျင်းပသည့်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းက ရတနာပုံအသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် နှစ်ပွဲဆက် နိုင်ပွဲပျောက်ဆုံးမှုကို အဆုံးသတ်နိုင်ခဲ့သော်လည်း နောက်မှလိုက်ကစားခဲ့ရပြီး နန္ဒကျော် သွင်းယူသည့်ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ရတနာပုံအသင်းသည် အဝေးကွင်း၌ နှစ်ကြိမ်တိုင် ဦးဆောင်နိုင်ခဲ့သော်လည်း အနိုင်ရလဒ်ကို မထိန်းနိုင်၍ ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် ယခုပွဲအနိုင်ရလဒ်ကြောင့် ဒုတိယနေရာတွင် ဆက်ရှိနေပြီး ထိပ်ဆုံးမှ ရန်ကုန်အသင်းကို တစ်မှတ်အကွာဖြင့် ဖိအားပေးလျက်ရှိသည်။
ရှမ်းယူနိုက်တက်အသင်းသည် နိုင်ငံခြားသားကစားသမားသုံးဦးအပါအဝင် အမာခံကစားသမားအစုံအလင်ဖြင့် ပွဲထွက်ခဲ့သလို ရတနာပုံအသင်းကလည်း ဒဏ်ရာရနေသည့် ဝင်းနိုင်ထွန်းမှလွဲ၍ ရဲကိုဦး၊ လှိုင်းဘိုဘို၊ ဝင်းနိုင်စိုး၊ သက်နိုင်၊ မြတ်ကောင်းခန့်တို့ဖြင့် ပွဲထွက်ခဲ့သည်။ ပွဲအစတွင် ရှမ်းယူနိုက်တက်အသင်းသည် ပုံစံကောင်းရရန် ရုန်းကန်နေရပြီး ရတနာပုံအသင်းက ဂိုးပေါက်ခြိမ်းခြောက်မှုပြုလုပ်နိုင်ခဲ့သည်။ ၂၃ မိနစ်တွင် ရတနာပုံအသင်း ဂိုးစရခဲ့ပြီး ရဲရင့်အောင် ခေါင်းတိုက်ချပေးသောဘောလုံးကို မြတ်ကောင်းခန့်က ပိတ်သွင်းယူခဲ့ခြင်းဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် ချေပဂိုးရရန် ကြိုးပမ်းသော်လည်း ပထမပိုင်းတွင် မထိရောက်ခဲ့ဘဲ ဒုတိယပိုင်းအစမှာ ဂိုးပြန်ရခဲ့သည်။ မိနစ် ၅၀ တွင် နောက်ခံလူ ဝီလျံက ထောင့်ကန်ဘောကို ခေါင်းတိုက်ကာ ရှမ်းယူနိုက်တက်အတွက် ချေပဂိုးပြန်သွင်းခဲ့ခြင်းဖြစ်သည်။ ယင်းနောက်ပိုင်းတွင် ပွဲမှာအပြန်အလှန်ရှိလာပြီး ၇၁ မိနစ်တွင် ရှမ်းနောက်ခံလူ ဝီလျံ လက်ထိသောကြောင့် ရရှိသည့်ပယ်နယ်တီကို ဝင်းနိုင်စိုးက ကန်သွင်းခဲ့၍ ရတနာပုံအသင်း ဒုတိယဂိုးထပ်ရခဲ့သည်။ ရတနာပုံအသင်း၏ ဦးဆောင်မှုမှာ ငါးမိနစ်သာကြာခဲ့ပြီး ၇၆ မိနစ်တွင် အီမန်နျူရယ်က ရှမ်းယူနိုက်တက်အတွက် ချေပဂိုးပြန်သွင်းခဲ့သည်။ သရေကျပြီးနောက်ပိုင်းတွင် ရှမ်းယူနိုက်တက်အသင်းက ပိုဖိကစားနိုင်ခဲ့ပြီး မိနစ် ၈၀ တွင် နန္ဒကျော်က အနိုင်ဂိုးသွင်းယူခဲ့သည်။
မော်လမြိုင်ကွင်း၌ ကျင်းပသည့်ပွဲတွင် Southern အသင်းက ဇွဲကပင်အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ Southern အသင်းသည် အိမ်ကွင်းနိုင်ပွဲကြောင့် တန်းဆင်းဇုန်အန္တရယ်မှလွတ်ရန် အခြေအနေကောင်းသွားပြီး ဇွဲကပင်အသင်းမှာမူ ဆက်လက်ရုန်းကန်ရမည်ဖြစ်သည်။ Southern အသင်းအတွက် ဂိုးများကို ၁၄ မိနစ်တွင် ကောင်းစည်သူ၊ မိနစ် ၅၀ တွင် ရှိုင်းသူရ၊ ၉၀+၆ မိနစ်တွင် ချမ်းငြိမ်းတို့က သွင်းယူခဲ့ပြီး ဇွဲကပင်အတွက် ချေပဂိုးကို ၉၀+၅ မိနစ်တွင် ရာဇာမျိုးက သွင်းယူခဲ့သည်။ သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် Chinland အသင်းနှင့် ရန်ကုန်အသင်းတိို့ တစ်ဂိုးစီသရေကျခဲ့သည်။ ရန်ကုန်အသင်းသည် ယခုပွဲတွင် မထင်မှတ်ဘဲ သရေကျခဲ့သောကြောင့် ရှမ်း၊ ဧရာဝတီတို့နှင့် တစ်မှတ်သာကွာဟတော့ပြီး လက်ကျန်ပွဲများမှာ ချန်ပီယံဆုအတွက် ပြိုင်ဆိုင်မှုပြင်းထန်ဖွယ်ရှိနေသည်။ ၂၉ မိနစ်တွင် Chinland အသင်းနောက်ခံလူ အောင်ဟိန်းကျော် ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့၍ ရန်ကုန်အသင်း ဂိုးစရခဲ့ပြီး ၉၀+၂ မိနစ်တွင် ဘာဘာတန်ဒီက Chinland အသင်းအတွက် ချေပဂိုးပြန်သွင်းခဲ့သည်။ ယခုပွဲတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပွဲချိန် ၁၃ မိနစ်တွင် ပွဲရပ်နားခဲ့ရပြီး မိနစ် ၅၀ ကျော် ရပ်နားပြီးမှ ပြန်လည်စတင်နိုင်ခဲ့သည်။
ပွဲစဉ် (၁၉) အပြီးတွင် ရန်ကုန်အသင်းက ၃၈ မှတ်ဖြင့် ဦးဆောင်နေပြီး ရှမ်းယူနိုက်တက်နှင့် ဧရာဝတီအသင်းက ၃၇ မှတ်စီ၊ ဟံသာဝတီအသင်းက ၃၂ မှတ်၊ ရခိုင်အသင်းက ရမှတ် ၃၀၊ ရတနာပုံအသင်းက ၂၆ မှတ်၊ စစ်ကိုင်းအသင်းက ၂၄ မှတ်၊ မကွေးအသင်းက ၂၁ မှတ်၊ Southern အသင်းက ၁၉ မှတ်၊ ဇွဲကပင်အသင်းက ၁၈ မှတ်၊ ဒဂုံအသင်းက ၁၄ မှတ်၊ Chinland အသင်းက ၁၃ မှတ် ရရှိထားသည်။
သတင်း-ညီမြတ်သော်တာ၊ ဓာတ်ပုံ-စိုးညွန့်
