ရှမ်းယူနိုက်တက်အသင်း၏ လူငယ်ဖွံ့ဖြိုးရေးအကြီးအကဲအဖြစ် ဦးမင်းသူ တာဝန်ယူမည်

ရန်ကုန် ၃၀ မတ်

မြန်မာနေရှင်နယ်လိဂ်ကလပ် ရှမ်းယူနိုက်တက်အသင်းသည် ယခုလဆန်းပိုင်းက စီနီယာအသင်းနည်းပြချုပ်အဖြစ်မှ နှစ်ဦးသဘောတူလမ်းခွဲခဲ့သည့် ဦးမင်းသူကို လူငယ်ဖွံ့ဖြိုးရေး အကြီးအကဲအဖြစ် ခန့်အပ်လိုက်သည်။

ဦးမင်းသူသည် လူငယ်ဖွံ့ဖြိုးရေးအကြီးအကဲအပြင် ရှမ်းယူနိုက်တက် ယူ-၁၉ အသင်း၊ ယူ-၂၁ အသင်းတို့၏ အုပ်ချုပ်သူအဖြစ်ပါ တာဝန်ယူမည်ဖြစ်သည်။ ဦးမင်းသူသည် ရှမ်းယူနိုက်တက် ယူ-၁၉ အသင်း၊ ယူ-၂၁ အသင်းတို့တွင် နည်းပြချုပ်အဖြစ် ဆောင်ရွက်ခဲ့ဖူးပြီး ယခုရာသီမစမီ ရှမ်းယူနိုက်တက် စီနီယာအသင်း၏ နည်းပြချုပ်အဖြစ် ပြောင်းလဲတာဝန်ပေးခြင်းခံခဲ့ရသည်။ ရာသီကြို ချာရတီဖလား ပြိုင်ပွဲတွင် ချန်ပီယံဆုရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သော်လည်း AFC Cup ပြိုင်ပွဲ အုပ်စုဒုတိယပွဲဖြစ်သည့် အင်ဒိုနီးရှားကလပ် ပါဆီဂျာဂျကာတာအသင်းအား အိမ်ကွင်း၌ ရှုံးနိမ့်ခဲ့သည့်ပွဲအပြီးတွင် ရုတ်တရက် နှစ်ဦးသဘောတူ လမ်းခွဲခဲ့ခြင်းဖြစ်သည်။

ဦးမင်းသူသည် လူငယ်ကစားသမားများအား စီနီယာအသင်းအား အထောက်အပံ့ပေးနိုင်ရန် ဆောင်ရွက်ပေးမည်ဖြစ်ပြီး လူငယ်ကစားသမားများ၏ အရည်အသွေး ပိုမိုတိုးတက်လာအောင် ကူညီဆောင်ရွက်ပေးမည်ဖြစ်သည်။ ဦးမင်းသူသည် ရှမ်းယူနိုက်တက်အသင်းတွင် ယူ-၁၉ အသင်းနှင့်အတူ အမှတ်ပေးချန်ပီယံဆု၊ စီနီယာအသင်းနှင့်အတူ ချာရတီဖလားတို့ ရယူနိုင်ခဲ့သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်