ရန်ကုန် ၂၁ ဇူလိုင်


၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၇) ဒုတိယနေ့ကို ယနေ့ညနေပိုင်းက ဆက်လက်ကျင်းပရာ ချန်ပီယံဆုအတွက် မျှော်လင့်ချက်ရှိနေသည့် ရှမ်းယူနိုက်တက်နှင့် ဧရာဝတီအသင်းတို့ သရေကျခဲ့သည်။


တောင်ကြီးကွင်း၌ ကျင်းပသည့်ပွဲတွင် ရှမ်းယူနိုက်တက်နှင့် ဧရာဝတီအသင်းတို့ တစ်ဂိုးစီသရေကျခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် အိမ်ကွင်း၌ သရေသာကစားနိုင်ခဲ့သောကြောင့် ရှုံးပွဲမရှိမှတ်တမ်းကို ဆက်ထိန်းနိုင်ခဲ့သော်လည်း ထိပ်ဆုံးမှ ရန်ကုန်အသင်းနှင့် သုံးမှတ်အထိ ကွာဟသွားခဲ့သည်။ ဧရာဝတီအသင်းသည် အဝေးကွင်း၌ အဖိုးတန်သရေတစ်မှတ်ရယူနိုင်ခဲ့ပြီး ရန်ကုန်နှင့် ငါးမှတ်ကွာဟသွားသော်လည်း ချန်ပီယံမျှော်လင့်ချက် ဆက်ရှိနေဆဲဖြစ်သည်။ ရှမ်းယူနိုက်တက်နှင့် ဧရာဝတီအသင်းမှာမူ နှစ်ကျော့စလုံး သရေရလဒ်ဖြင့် ပြီးဆုံးခဲ့ခြင်းဖြစ်သည်။


ရှမ်းယူနိုက်တက်အသင်းသည် ပွဲထွက်လူစာရင်းမှ အီမန်နျူရယ်ကို အနားပေးထားပြီး မက်ဆီမင်၊ သီဟစည်သူ၊ ဟိန်းသီဟဇော်၊ နန္ဒကျော်တို့ဖြင့် ပွဲထွက်ကာ တိုက်စစ်တွင် ထက်ဖြိုးဝေနှင့် ဒွေးကိုကိုချစ်ကို အသုံးပြုခဲ့သည်။ 


ဧရာဝတီအသင်းတွင် အဓိက ကစားသမားများဖြစ်သည့် တိုက်စစ်မှူး မာတူနာနှင့် နောက်ခံလူ ကျော်ဇင်လွင်တို့ ဒဏ်ရာရနေသောကြောင့် ပွဲထွက်လူစာရင်းကို အပြောင်းအလဲပြုလုပ်ခဲ့ပြီး ခံစစ်အသားပေးရန် ၅-၃-၂ ပုံစံဖြင့် ပွဲထွက်ခဲ့သည်။ ပထမပိုင်းတွင် ရှမ်းယူနိုက်တက်အသင်းတိုက်စစ် ထင်သလောက်အလုပ်မဖြစ်ဘဲ ဧရာဝတီအသင်း၏ တန်ပြန်တိုက်စစ်များက ပိုမိုထိရောက်ခဲ့သည်။ ၂၁ မိနစ်တွင် ဧရာဝတီအသင်း ဂိုးစရခဲ့ပြီး အောင်ကျော်နိုင်က အဝေးမှကန်သွင်းယူခဲ့သည်။ ဂိုးပေးလိုက်ရပြီးနောက်ပိုင်းတွင် ရှမ်းယူနိုက်တက်အသင်း ချေပဂိုးရရန် ကြိုးပမ်းခဲ့သော်လည်း အခွင့်အရေးများ အသုံးမချနိုင်ခဲ့ဘဲ ဒုတိယပိုင်းတွင် ကစားသမားများအပြောင်းအလဲပြုလုပ်ကာ တိုက်စစ်မြင့်ခဲ့သည်။ ဒုတိယပိုင်းတွင် ရှမ်းယူနိုက်တက်အသင်းက ပိုဖိကစားနိုင်ခဲ့ပြီး ၇၅ မိနစ်တွင် ထောင့်ကန်ဘောမှတစ်ဆင့် လူစားဝင်တိုက်စစ်မှူး အီမန်နျူရယ်က ခေါင်းတိုက်ပြီး ချေပဂိုးသွင်းယူခဲ့သည်။ ယင်းနောက်ပိုင်းတွင် နှစ်သင်းစလုံး ဂိုးထပ်ရရန် ကြိုးပမ်းသော်လည်း ဂိုးထပ်မသွင်းနိုင်၍ သရေရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။


မန္တလာသီရိကွင်း၌ ကျင်းပသည့်ပွဲတွင် ရတနာပုံအသင်းက Southern အသင်းကို သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ရတနာပုံအသင်းသည် ခုနစ်ပွဲဆက် နိုင်ပွဲပျောက်ဆုံးမှုကို အဆုံးသတ်နိုင်ခဲ့ပြီး အဆင့် (၆) နေရာသို့ ပြန်လည်တက်လှမ်းနိုင်ခဲ့သည်။ ရတနာပုံအသင်းအတွက် အနိုင်ဂိုးများကို ၃၂ မိနစ်တွင် ဝင်းနိုင်ထွန်း၊ မိနစ် ၈၀ တွင် ဝင်းနိုင်စိုး၊ ၈၂ မိနစ်တွင် လှိုင်းဘိုဘိုတို့က သွင်းယူခဲ့သည်။ သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် ဇွဲကပင်အသင်းက Chinland အသင်းကို သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ဇွဲကပင်အသင်းသည် နိုင်ပွဲပြန်လည်ရှာဖွေနိုင်ခဲ့ပြီး ယခုပွဲအနိုင်ရလဒ်ကြောင့် တန်းဆင်းဇုန်မှလွတ်ရန် ရုန်းကန်ခဲ့ရကာ Chinland အသင်းမှာမူ ဆက်လက်ရုန်းကန်ရတော့မည်ဖြစ်သည်။ ဇွဲကပင်အသင်းအတွက် အနိုင်ဂိုးများကို ၃၆ မိနစ်တွင် ရာစင်၊ ၈၇ မိနစ်တွင် အောင်ဇင်ဖြိုးနှင့် ၉၀+၂ မိနစ်တွင် ညီညီထွန်းတို့က သွင်းယူခဲ့သည်။


ပွဲစဉ် (၁၇) အပြီးတွင် ရန်ကုန်အသင်းက ၃၆ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး ရှမ်းယူနိုက်တက်အသင်းက ၃၃ မှတ်၊ ဧရာဝတီအသင်းက ၃၁ မှတ်၊ ဟံသာဝတီအသင်းက ၂၈ မှတ်၊ ရခိုင်အသင်းက ၂၆ မှတ်၊ ရတနာပုံအသင်းက ၂၅ မှတ်၊ စစ်ကိုင်းအသင်းက ၂၃ မှတ်၊ မကွေးနှင့် ဇွဲကပင်အသင်းက ၁၈ မှတ်စီ၊ Southern အသင်းက ၁၅ မှတ်၊ ဒဂုံအသင်းက ၁၃ မှတ်၊ Chinland အသင်းက ၁၂ မှတ် ရရှိထားသည်။


သတင်း-ညီမြတ်သော်တာ


ဓာတ်ပုံ-စိုးညွန့်