စစ်ကိုင်း ၂၀ ဇွန်
၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၃)ကို ယခုတစ်ပတ် စနေ၊ တနင်္ဂနွေနေ့တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ဇယားထိပ်ပိုင်းမှ ရှမ်းယူနိုက်တက်နှင့် လက်ရှိချန်ပီယံ ရန်ကုန်အသင်းတို့ ထိပ်တိုက်တွေ့ဆုံလျက်ရှိသည်။
ပွဲစဉ် (၁၃)တွင် ပွဲကောင်းများ ပါဝင်နေပြီး ဇွန် ၂၂ ရက်တွင် မုံရွာကွင်း၌ စစ်ကိုင်းအသင်းနှင့် ရတနာပုံအသင်း၊ သုဝဏ္ဏကွင်း၌ မကွေးအသင်းနှင့် ဇွဲကပင်အသင်း၊ ပဲခူး Grand Royal ကွင်း၌ ဟံသာဝတီအသင်းနှင့် Southern အသင်း၊ ဇွန် ၂၃ ရက်တွင် တောင်ကြီးကွင်း၌ ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်အသင်း၊ သုဝဏ္ဏကွင်း၌ Chinland အသင်းနှင့် ဒဂုံအသင်း၊ ပုသိမ်ကွင်း၌ ဧရာဝတီအသင်းနှင့် ရခိုင်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ပထမအကျော့ပွဲတွင် ရန်ကုန်အသင်းကို အဝေးကွင်း၌ အနိုင်ရခဲ့သည့် ရှမ်းယူနိုက်တက်အသင်းအနေဖြင့် ထိပ်ဆုံးနေရာ ပြန်လည်ရယူနိုင်ရန် ယခုပွဲတွင် မဖြစ်မနေ အနိုင်ရရန် လိုအပ်နေသည်။ ပြီးခဲ့သည့်တစ်ပတ်က ကစားခဲ့သည့် အိမ်ကွင်းပထမဆုံးပွဲတွင် Chinland အသင်းနှင့် မထင်မှတ်ဘဲ သရေကျခဲ့သောကြောင့် ရှမ်းယူနိုက်တက်အသင်းအနေဖြင့် အိမ်ကွင်းပရိသတ်ရှေ့မှောက်တွင် နိုင်ပွဲရယူနိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။ ရန်ကုန်အသင်းသည် နည်းပြပြောင်းလဲထားသော်လည်း ယာယီနည်းပြ ဦးတင်မောင်ထွန်း လက်ထက်တွင် ရလဒ်ပိုင်း တည်ငြိမ်လာပြီး ဒုတိယအကျော့အဖွင့်ပွဲတွင်လည်း ရခိုင်အသင်းကို ဂိုးပြတ်အနိုင်ရထားသည်။ ရန်ကုန်အသင်းသည် ယခုပွဲတွင် အမှတ်ပြည့်ရယူနိုင်ပါက ထိပ်ဆုံးနေရာတွင် အမှတ်အသာဖြင့် ဆက်လက်ရပ်တည်နိုင်မည်ဖြစ်ပြီး ရှမ်းအသင်းကိုလည်း အမှတ်ပိုဖြတ်နိုင်မည်ဖြစ်သည်။ စစ်ကိုင်းနှင့် ရတနာပုံအသင်းတို့၏ တွေ့ဆုံမှုမှာလည်း စိတ်ဝင်စားဖွယ်ကောင်းနေပြီး ပထမအကျော့တွင် အဝေးကွင်း၌ အနိုင်ရထားသည့် စစ်ကိုင်းအသင်းကြောင့် ပိုမိုစိတ်ဝင်စားဖွယ်ကောင်းနေသည်။ ရတနာပုံအသင်းသည် နောက်ဆုံးသုံးပွဲဆက် နိုင်ပွဲပျောက်ထားပြီး နိုင်ပွဲပြန်ရရန် ကြိုးပမ်းရမည်ဖြစ်သည်။ တန်းဆင်းဇုန်အန္တရယ်ရှိနေသည့် Chinland အသင်းနှင့် ဒဂုံအသင်း၊ မကွေးအသင်းနှင့် ဇွဲကပင်အသင်းတို့ တွေ့ဆုံမှုမှာလည်း စိတ်ဝင်စားဖွယ် ကောင်းနေသည်။
ပွဲစဉ် (၁၂)အပြီးတွင် ရန်ကုန်အသင်းက ၂၃ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး ရှမ်းယူနိုက်တက်နှင့် ဟံသာဝတီအသင်းက ၂၂ မှတ်စီ၊ ဧရာဝတီနှင့် ရတနာပုံအသင်းက ၂၁ မှတ်စီ၊ စစ်ကိုင်းအသင်းက ၂၀ မှတ်၊ ရခိုင်အသင်းက ၁၆ မှတ်၊ ဇွဲကပင်အသင်းက ၁၁ မှတ်၊ မကွေးအသင်းက ၁၀ မှတ်၊ ဒဂုံ၊ Chinland နှင့် Southern အသင်းက ကိုးမှတ်စီရရှိထားသည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်