ရှင်ဗွေယန် ၂၉  ဇူလိုင် 


ဟူးကောင်းချိုင့်ဝှမ်းဒေသ အတွင်းရှိ တောရိုင်းတိရစ္ဆာန်များနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာများ ပြည်သူများ ကျယ်ကျယ်ပြန်ပြန့် သိရှိစေရန်နှင့် အပြည်ပြည်ဆိုင်ရာ ကျားထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ဇူလိုင် ၂၉ ရက် နံနက် ၉ နာရီက ရှင်ဗွေယန်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ကျင်းပပြုလုပ်သည်။

 

1

 


ရှေးဦးစွာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက ဟူးကောင်းဘေးမဲ့တောအတွင်း နေထိုင်ကျက်စားသည့် တောရိုင်းတိရစ္ဆာန်များ အကြောင်းနှင့် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပြည်သူများပူးပေါင်းပါဝင်သင့်ကြောင်း ပြောကြားပြီး ရှင်ဗွေယန်မြို့ အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းကျော်က ကျားအမျိုးအစားများ အကြောင်းနှင့် ကျားရှိသော သဘာဝပတ်ဝန်းကျင်သည် ကျန်းမာသန်စွမ်းသော သဘာဝပတ်ဝန်းကျင်ဖြစ်ကြောင်း အမှာစကား ပြောကြားသည်။


ဆက်လက်၍သစ်တောဦးစီးဌာန၊ ဟူးကောင်းချိုင့်ဝှမ်းဘေးမဲ့တောမှ တောအုပ်ကြီး ဦးညွှန့်လှိုင်က အပြည်ပြည်ဆိုင်ရာကျားထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံအကြောင်း၊ မူဝါဒများအား အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ အကြောင်း အကျဉ်းချုပ် ရှင်းလင်းပြောကြားပြီး တောခေါင်းဦးနန်မိတ်က ကျားအမျိုးအစား အကြောင်းကိုလည်းကောင်း ကျားများ၏ သဘာဝနေထိုင်ကျက်စားမှုများ အကြောင်းကိုလည်းကောင်း အသေးစိတ် ရှင်းလင်းဟောပြောသည်။


ထို့နောက် ရှင်ဗွေယန်မြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ကျောင်းသားကျောင်းသူများ၏ အပြည်ပြည်ဆိုင်ရာ ကျားထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူကျောင်းသား ကျောင်းသူများအား တိုင်းရင်းသားရိုးရာအဖွဲ့ ကော်မတီဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တို့မှ ဆုအသီးသီးချီးမြှင့်ခဲ့ပြီး အခမ်းအနားတွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ NGO အဖွဲ့ဝင်များ၊ တိုင်းရင်းသားရိုးရာအဖွဲ့များ၊ ကျောင်းသားကျောင်းသူများနှင့် ပြည်သူများ စုစုပေါင်း ၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း ရှင်ဗွေယန်မြို့နယ်(ပြန်/ဆက်)မှ သိရသည်။


MDN