ဒီမိုကရေစီ အမှောင်ဖုံးကာ လုံးဝဆိတ်သုဉ်းသွားသည့် နိုင်ငံအဖြစ်မှ ဒီမိုကရေစီအလင်းရောင် စတင်ဖြန့်ကြက်လာသည့် နိုင်ငံအဖြစ်သို့ ကူးပြောင်းလာခါစ မြန်မာနိုင်ငံသည် တွန်းတိုက်မှုများ၊ စိန်ခေါ်မှုများနှင့် အမွေဆိုးများကို ဖြေရှင်းနေရမှုများ စသည့်များစွာသော ပြဿနာတို့ ကြားမှာ ခေါင်းမဖော်နိုင်အောင်ရှိနေဆဲ ဖြစ်ပါသည်။
လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရရေးအတွက် အရင်းအနှီးပေါင်းများစွာကို ပေးဆပ်ခဲ့ရသော ပြည်သူလူထု၏ ဘဝများမှာလည်း ယနေ့ထက်တိုင် လက်ငင်းလိုအပ်ချက်များစွာဖြင့် ရုန်းကန်နေရဆဲ ဖြစ်ပါသည်။
ယနေ့ကာလ ဒီမိုကရေစီ အတော်အသင့် ပေါ်ပေါက်လာခဲ့ပြီး ပြည်သူတို့၏ လက်ငင်းပြဿနာများကို ရင်ဆိုင်ဖြေရှင်း ကြရသည့်အချိန်တွင် ရင်ဆိုင်ရသည့် စိန်ခေါ်မှုများက ပုံစံပြောင်းလဲသွားခဲ့သည်ကို သတိပြုမိပါသည်။ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးက လိုအပ်မြဲ လိုအပ်ဆဲဖြစ်နေသော်လည်း လူထု၏ နေ့စဉ်ဘဝ ရုန်းကန်နေကြရသော စားဝတ်နေမှု အရေးအရာများက ကြီးမားကြမ်းတမ်းလှသော ဝန်ထုပ်ဝန်ပိုးများအဖြစ် နေ့စဉ်စိန်ခေါ်နေသည်။
အခြားတစ်ဖက်တွင် ပြည်သူတို့၏ နေ့စဉ်ဘဝပြဿနာများနှင့် အပြိုင်ဖြေရှင်းရန် အရေးကြီးနေသည်မှာ ပြည်တွင်းပဋိပက္ခများ ပြေလည်ငြိမ်းချမ်းရေးဖြစ်သည်။ ဤသည်ကလည်း လွယ်ကူလှသော ပြဿနာ မဟုတ်သည့်အတွက် အချိန်ယူကာ စိတ်ရှည်ရှည်ဖြင့် ရင်ဆိုင်ညှိနှိုင်းသွားရမည့် အနေအထားဖြစ်နေသည်။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် (၂၁)ရာစုပင်လုံ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ငန်းစဉ်များကို ကျင်းပရင်းဖြစ်နိုင်မည့် နည်းလမ်းစုံဖြင့် ကြိုးစားနေရသည့် ကာလဟုလည်း နားလည်ရပါသည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လျှပ်စစ်မီးရရှိနိုင်ရေး၊ သုံးရေသောက်ရေ ပြည့်စုံအောင်ရရှိရေး၊ လမ်းပန်းဆက်သွယ်မှုများ ကောင်းမွန်ရေး၊ နိုင်ငံအဝန်းမှာ ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုရရှိရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုပေါ်ပေါက်နိုင်ရေးစသည့် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် စီမံဆောင်ရွက်နေရပါသည်။
ဖြေရှင်းရမည့် ကိစ္စရပ်တိုင်းသည် ပုံမှန်တိုးတက်ဖြစ်ထွန်းရေး လမ်းကြောင်းတွင် လုပ်ဆောင်သွားရသကဲ့သို့ မဟုတ်ဘဲ ပျက်စီးယိုယွင်းနေသည့် စနစ်များကိုပါ တစ်ပြိုင်နက်တည်းလိုလို ပြင်ဆင်ရ၊ နည်းလမ်းသစ်ရှာရ၊ ဥပဒေနှင့် လုပ်ထုံးလုပ်နည်း များကိုပါ ပြင်ဆင်ရေးဆွဲရသည်များထိ ရှိနေပါသည်။
မည်သို့ဆိုစေ၊ အစိုးရတစ်ရပ်အဖြစ် တာဝန်ယူရသည့်အခါ အစိုးရတစ်ရပ် ထမ်းဆောင်ရမည့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရေးက ပဓာနကျပါသည်။ ပြည်သူလူထုကလည်း ပြည်သူ့အစိုးရအဖြစ် ယုံကြည်သတ်မှတ်ကာ ထောက်ခံ နေကြပါသည်။
ယနေ့ ရင်ဆိုင်ဖြေရှင်းနေရသည့် ပြဿနာတိုင်း စိန်ခေါ်မှုတိုင်းကို မလွဲမသွေဖြေရှင်းကာ အောင်မြင်သည်ထိ ဆောင်ရွက် နိုင်ကြလိမ့်မည်ဟုလည်း ယုံကြည်ကြပါသည်။
ပြဿနာများ မည်မျှပင် ကြီးမားသည်ဖြစ်စေ၊ စိန်ခေါ်မှုများမည်သို့ပင် များပြားသည်ဖြစ်စေ ရင်ဆိုင်ကျော်လွှားနိုင်ရေး အတွက် အခြေခံအကျဆုံးအင်အားမှာ ပြည်သူလူထုထောက်ခံမှုကို အခြေပြုပြီး အဓိကကျသည့် လုပ်ငန်းရပ်များပေါ်တွင် အာရုံစိုက်ကာ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်ရေး ဖြစ်ပါသည်။
ခေတ်ပြောင်းစနစ်ပြောင်းဖြင့် ပြန်လည်ထူထောင်ရသည့်အခါ ပြဿနာများအားလုံးကို ပြီးပြည့်စုံသည်ထိ လုံးဝအောင်မြင်အောင် ဆောင်ရွက်နိုင်လိမ့်မည်ဟု ပြည်သူတို့က လက်တွေ့ဘဝနှင့် အကွာကြီးကွာသော မြင့်မားလွန်းလှ သည့် မျှော်လင့်ချက်မျိုးအထိ ရည်ရွယ်မထားကြပါ။ ပြည်သူတို့၏ နေ့စဉ်ဘဝ လုံခြုံစွာလူချင်းတူတူ၊ သူချင်းမျှမျှ တန်းတူ အခွင့်အရေးရရှိသည့် ဥပဒေစိုးမိုးသော ဝန်းကျင်အာဝါသ တစ်ခုအောက်တွင် သက်မွေးကျောင်းနေနိုင်ရန်အတွက် ထိရောက်သည့် ကိုင်တွယ်ဆောင်ရွက် အကောင်အထည်ဖော်မှုများကို မြင်တွေ့ကြရလိမ့်မည်ဟု မျှော်လင့်နေကြခြင်း ဖြစ်ပါကြောင်း။ ။
(မြန်မာ့အလင်း)