တောင်ကြီး ၁၀ ဇန်နဝါရီ
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့တွင် မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးများလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း(ဗဟို)မှ ကျင်းပသော ရင်ခွင်မဲ့ကလေးငယ်များနှင့် တစ်ကိုယ်ရည်မိခင်များအတွက် မှန်ကန်သော ရွေးချယ်မှုကို ကိုယ်တိုင်ဆုံးဖြတ်လုပ်ဆောင်နိုင်ရန်၊ နှစ်သိမ့်ဆွေးနွေးသော Counseling ဆရာဖြစ်သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက အောက်မေ့ဘွယ်ဓမ္မာရုံ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးများလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း(ဗဟို) အထွေထွေအတွင်းရေးမှူး ပါမောက္ခ ဒေါက်တာမြသီတာ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး၊ ရှမ်းပြည်နယ်အသင်း အထောက်အကူပြုအဖွဲ့ဝင် ဒေါ်နန်းရွှေမြင့်၊ ပြည်နယ်ဝန်ကြီးများ၏ဇနီးများ၊ ဗဟိုအသင်းနှင့် ရှမ်းပြည်နယ်အသင်း အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ အထောက်အကူပြုအဖွဲ့ဝင်များ၊ သင်တန်းဆရာမများ၊ သင်တန်းသား/သူ(၃၂)ဦး၊ ပြည်နယ်/ခရိုင်/မြို့နယ်မှ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးများလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း(ဗဟို)အထွေထွေအတွင်းရေးမှူး ပါမာက္ခ ဒေါက်တာမြသီတာနှင့်ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး၊ရှမ်းပြည်နယ်အသင်း အထောက်အကူပြုအဖွဲ့ဝင် ဒေါ်နန်းရွှေမြင့်တို့က နှုတ်ခွန်းဆက်စကားပြောကြားပေးခဲ့ကြသည်။သင်တန်းဆရာမ ဒေါက်တာအေးမြတ်လွင် က သင်တန်းပို့ချမည့်အစီအစဉ်များနှင့်ရည်ရွယ်ချက်များကိုရှင်းလင်းတင်ပြခဲ့သည်။

သင်တန်းသို့တက်ရောက်လာသော ဗဟိုအသင်းနှင့်ရှမ်းပြည်နယ်အသင်း အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ အထောက်အကူပြုအဖွဲ့ဝင်များ၊ သင်တန်းဆရာမများ၊ သင်တန်းသူများမှ တစ်ဦးချင်း အပြန်အလှန် မိတ်ဆက်ခဲ့ကြပြီး သင်တန်းသားများနှင့်အတူ အမှတ်တရ မှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ပြီး သင်တန်းကို ဆက်လက်သင်ကြားပို့ချသွားကြောင်း သိရသည်။ သင်တန်းကို ဇန်နဝါရီ ၁၀ ရက်မှ ၁၂ ရက်အထိ ဖွင့်လှစ်သွားမည့်ဖြစ်ကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)