ဆီဆိုင် ၁၁ ဇန်နဝါရီ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ယုဇနခန်းမ၌ ရင်ခွင်မဲ့ကလေးများဖြစ်ခြင်းကို လျှော့ချရန်နှင့် ရင်ခွင်မဲ့ကလေးငယ်များအား ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဉပဒေပါ အခြေခံအခွင့်အရေးများနှင့်အညီ ကာကွယ်စောင့်ရှောက်မှုပေးရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးများ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းမှ ဆောင်ရွက်သော ရင်ခွင်မဲ့ကလေးငယ်များနှင့် တစ်ကိုယ်ရည်မိခင်များလျှော့ချရေး အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးများလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း (ဗဟို) ဥက္ကဋ္ဌ ဒေါ်မေယဉ်ထွန်းနှင့် မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးများလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း (ရှမ်းပြည်နယ်အသင်း) ဥက္ကဋ္ဌ ဦးသောင်းထွန်းတို့က အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးများ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း(ဗဟို)မှ အထွေထွေအတွင်းရေးမှူး ပါမောက္ခဒေါက်တာမြသီတာက အခြေခံမျိုးဆက်ပွား ကျန်းမာရေးပညာအကြောင်းကို လည်းကောင်း၊ သားဖွားမီးယပ် အထူးကုဆရာဝန် ဒေါက်တာမင်းမင်းသန့်က “မိသားစုဘဝသာယာဖို့ ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်လို့ သားဆက်ခြားကြစို့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးများ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း(ဗဟို)မှ တွဲဖက်အတွင်းရေးမှူး ဒေါက်တာပြုံးမိုအိက အရေးပေါ်သားဆက်ခြားနည်း အကြောင်းကိုလည်းကောင်း အသီးသီးရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းကာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးပြီး မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးများလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း (ဗဟို) ဥက္ကဋ္ဌ ဒေါ်မေယဉ်ထွန်းက နိဂုံးချုပ်အမှာစကားပြောကြားကာ တက်ရောက်လာသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။
အခမ်းအနားသို့ ဒေသခံတိုင်းရင်းသားပြည်သူများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ခွန်ရဲထွေး(ပြန်/ဆက်)


