ရင်ခုန်လှုပ်ရှား လွတ်လပ်ရေးအကြို မြင်ကွင်းများ

ထင်ပေါ်ဝင်း

ဇန်နဝါရီလ ၄ ရက်နေ့တည်းဟူသော လွတ်လပ်ရေးနေ့ကို တဖြည်းဖြည်းနီးကပ်လာသည်နှင့်အမျှ ရန်ကုန်သူ ရန်ကုန်သားတို့က လွတ်လပ်ရေးနေ့ အခမ်းအနားများကို ကျင်းပရန် အချိန်ယူ ပြင်ဆင်လျက်ရှိကြသည်။ လွန်ခဲ့သော နှစ်ပေါင်း ၇၀ ကျော်က တိုင်းတစ်ပါးလက်အောက်ခံဘဝမှ လွတ်မြောက်ခဲ့ပြီးနောက် တိုင်းပြည်၏ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးအချုပ်အခြာအားလုံးကို မိမိဘာသာ မိမိကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ ဖန်တီးစီမံ အုပ်ချုပ်နေနိုင်ပြီဖြစ်သည်။ နှစ်ပေါင်း ၁၀ဝ ကျော် မလွတ်လပ်ခဲ့သော ဘဝများကို ဖြတ်သန်းခဲ့ပြီးနောက် လွတ်လပ်ရေးရပြီး ချိန်ခါဝယ် လွတ်လပ်ရေး၏အရသာကို အပြည့် အဝခံစားသည့်အနေဖြင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပခဲ့ကြသည်မှာ နှစ်ပေါင်း ၇၁ နှစ်တိုင်ခဲ့ပြီ ဖြစ်သည်။ 

လွတ်လပ်ရေးအနှစ်သာရပြိုင်ပွဲများ 

လွန်ခဲ့သော နှစ်ပေါင်း ၇၁ နှစ်တာကာလ၏ ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၄ နာရီ မိနစ် ၂၀ အချိန်တွင် ရန်ကုန်မြို့အတွင်း ဝန်များရုံးအတွင်းရှိ ယာယီပါလီမန် (တိုင်းပြုပြည်ပြုလွှတ်တော်) အဆောက်အအုံရှေ့ အလံတိုင်ပေါ်မှ ဗြိတိသျှ ယူနီဂျက်အလံကို အောက်သို့ချပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံကို လွှင့်တင်ခြင်းဖြင့် စတင်ခဲ့သော မြန်မာနိုင်ငံ၏ လွတ်လပ်မှုမှာ ယခု အခါ ၇၁ နှစ် တင်းတင်း ပြည်မြောက်ခဲ့ပြီဖြစ်သည်။ လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင် နေထိုင်ခြင်းတည်းဟူသော လွတ်လပ်ရေး၏ အနှစ်သာရကို ပြသနိုင်ရန် နှစ်စဉ် လွတ်လပ်ရေးနေ့ရောက်တိုင်း ပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများ ကျင်းပလာခဲ့ကြသည်။

ယခုဆိုလျှင် ရန်ကုန်မြို့တော် မဟာဗန္ဓုလ ပန်းခြံအတွင်း၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပမည့် (၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားအတွက် ကြိုတင်ပြင်ဆင်လျက်ရှိသည်။ အခမ်းအနားကျင်းပမည့် အစီအစဉ်၊ ဖိတ်ကြားမည့် ဧည့်သည်တော်များ စသည်ဖြင့် လွတ်လပ်ရေးနေ့ အခမ်းအနားအတွက် အစစအရာရာ လိုလေသေးမရှိအောင် စီစဉ်မှုများဖြင့် စတင်လျက်ရှိသည်။ မဟာဗန္ဓုလပန်းခြံ အဝင်မုခ်ဦးကို ကတ္တီပါနီညိုရောင်အောက်ခံဖြင့် စာလုံးများရေးထိုးရန် ပြင်ဆင်နေဆဲဖြစ်သည်။ မုခ်ဦး၏ ဘယ်ညာနှစ်ဖက်တွင် နိုင်ငံတော်အလံများကို လွှင့်ထူထားသည်။ 

အကြိုပြင်ဆင်မှုများပြုလုပ် 

ရန်ကုန်တိုင်းဒေသကြီး၏ (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ တက်ရောက်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ အကြီးအကဲများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ စစ်ဘက်ဆိုင်ရာအကြီးအကဲများ၊ တိုင်းအဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရုပ်ရှင်သဘင် ဂီတနယ်ပယ်များမှ ကိုယ်စားလှယ်များ၊ ၈၈ မျိုးဆက်ခေါင်းဆောင်များ၊ ရဲဘော်သုံးကျိပ် မိသားစုဝင်များ၊ သခင်မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းများကို ဖိတ်ကြားသွားရန် စီစဉ်ထားပြီး ယခုနှစ်ကျင်းပမည့် လွတ်လပ်ရေးနေ့ အခမ်းအနားကို အဆိုပါ အဖွဲ့အစည်းများအပါ အဝင် လူဦးရေ ၃၀ဝဝ ခန့် တက်ရောက်နိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း တာဝန်ယူ ဆောင်ရွက်နေသော အဖွဲ့အစည်းများထံမှ သိရသည်။  တိုင်းဒေသကြီး အစိုးရအဖွဲ့သာမက ရပ်ကွက်နှင့် မြို့နယ်နေပြည်သူများကလည်း လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲများ ကျင်းပနိုင်ရန် အကြိုပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။ 

ပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများ ပြုလုပ်နိုင်ရန် နေရာ၊ ငွေကြေး၊ အချိန်တို့ကို ဆယ်အိမ်မှူးများ၊ ရာအိမ်မှူးများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက တိုင်ပင်ဆွေးနွေးသတ်မှတ်ကြသည်။ ရန်ပုံငွေရရှိမှု၊ နေရာရရှိမှုအပေါ်မူတည်၍ အားကစားနှင့် ပျော်ပွဲရွှင်ပွဲများကျင်းပရန် စီစဉ်ကြသည်။ တစ်ချိန်က ရပ်ကွက်များအတွင်းရှိ အဆောက်အအုံ ဆောက်လုပ်ထားခြင်းမရှိသော နေရာများတွင် ကျင်းပနိုင်ခဲ့သော်လည်း ပြောင်းလဲလာသော လူနေမှုစနစ်များကြောင့် အဆောက်အအုံ ဆောက်လုပ်ထားခြင်းမရှိသော မြေလွတ် မြေလပ်မှာ ကျန်ရှိခြင်းမရှိတော့ချေ။ ထို့ကြောင့်ပင် ရပ်ကွက်အတွင်းလမ်းများတွင် ပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများကို ကျင်းပခဲ့ကြရသည်။

အပြေးပြိုင်ပွဲများ၊ ဘောလုံးပြိုင်ပွဲများ၊ ဂုန်နီအိတ်စွပ်၊ အာလူးကောက်၊ မုန့်စား၊ ချောတိုင်တက်၊ ဘောလုံးပစ်၊ သားရေကွင်းပစ်ပြိုင်ပွဲများသည် နှစ်စဉ် လွတ်လပ်ရေးနေ့ရောက်တိုင်း ရပ်ကွက်အတွင်းရှိ ကလေးငယ်များအတွက် ပြုလုပ်ပေးနေကျ အားကစားပြိုင်ပွဲများဖြစ်သည်။ ဘောလုံးပြိုင်ပွဲကဲ့သို့ အချို့သော အားကစား ပြိုင်ပွဲများမှာ တစ်ပတ်ခန့် ကြိုတင်ယှဉ်ပြိုင်ကြပြီး လွတ်လပ်ရေးနေ့တွင် နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ကျင်းပကြလေ့ရှိသည်။ 

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း အားကစား ပြိုင်ပွဲများ၊ စာစီစာကုံးပြိုင်ပွဲများ ကျင်းပကြလေ့ရှိသည်။ ကမာရွတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သှူ ဆက်ဆံရေးဦးစီးဌာနရုံးတွင် အားကစားပြိုင်ပွဲများ၊ ပုံပြောနှင့် နံရံကပ်စာစောင်ပြပွဲများ၊ ပျော်ပွဲ ရွှင်ပွဲများ ကျင်းပမည်ဟု သိရသည်။ လှည်းတန်း မီးပွိုင့်အနီးရှိ လှည်းတန်းစင်တာမှလည်း လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမှိုက်ကောက်ခြင်းနှင့် ပျော်ပွဲရွှင်ပွဲများ ပြုလုပ်သွားမည်ဟု ကြိုတင်သတင်းရရှိသည်။ 

ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ အနောက်ဘက်ရှိ အင်းလျားကန်စပ်၌ ဖွင့်လှစ်ထားသော စိမ်းလန်းစိုပြည်ဂါဒင်းတွင် ကလေးငယ်များအတွက် ဆေးရောင်ခြယ်နှင့် ပန်းချီပြိုင်ပွဲများ ကျင်းပပေးမည်ဟု ဆိုသည်။ စာရေးသူတို့ ငယ်စဉ်ကာလက နံနက်အရုဏ်တက်ချိန်မှ ညနေနေဝင်ချိန်တိုင်အောင် လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲအခမ်းအနားများထဲတွင် အချိန်ကုန်လေ့ရှိသည်။ နံနက် ၅ နာရီခန့်တွင် စတင်လေ့ရှိသော အပြေးပြိုင်ပွဲများမှ အစပြု၍ ကစားနည်းတစ်မျိုးပြီးတစ်မျိုး မရိုးနိုင်အောင် ကစားကာ မွန်းတည့် ၁၂ နာရီခန့်တွင် ထမင်းစားချိန် အဖြစ်ခေတ္တရပ်နားလေ့ရှိသည်။ ညနေ ၃ နာရီခန့်တွင် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ကျန်သောကစားနည်းများကို ဆက်လက်ကစားပြီး ည ၇ နာရီ ခန့်တွင် ဆုပေးပွဲများ စတင်လေ့ရှိသည်။ ည ၉ နာရီခန့် ဆုပေးပွဲများအပြီးတွင် တစ်နေ့တာ လွတ်လပ်ရေးနေ့ အစီအစဉ်များ အဆုံးသတ်လေ့ရှိသည်။ 

ဆောင်းရာသီတစ်ခုသော နံနက်ခင်း၏ အရုဏ်တက်ချိန်တွင် ရပ်ကွက်အတွင်းရှိ အသံချဲ့စက်မှ လွတ်လပ်ရေးသီချင်းသံနှင့်အတူ ကလေးငယ်များ အိပ်ရာထ၊ အပြေးအလွှား သွားရောက်ကစားကာ တစ်နေ့တာပတ်လုံးကို ဖြတ်ကျော်လေ့ရှိပြီး ညနေမိုးချုပ် အိမ်ပြန်ချိန်တွင် ရရှိထားသော ဆုများကို ရင်ဝယ်ပိုက်ကာ အပြုံးနှင့်အတူ အိမ်ပြန်လေ့ရှိသော နေ့ရက်များသည်ကား နှစ်စဉ် ဇန်နဝါရီလ ၄ ရက်နေ့တည်းဟူသော လွတ်လပ်ရေးနှစ်ပတ်လည်နေ့များပင် ဖြစ်ပါတော့သည်။

မြန်မာ့အလင်း