ရှင်းလင်းပြတ်သားသည့် အ‌မြော်အမြင်ကို မျှဝေကြစို့

ကောင်းမွန်

အ‌မြော်အမြင်ကြီးမားသည့် ခေါင်းဆောင်များသည် ယင်းတို့၏ စိတ်ကူးစိတ်သန်းများအား အသုံးချခြင်း၊ ထိုးထွင်းကြည့်နိုင်သည့် အမြင်နှင့် ရဲဝံ့ပြတ်သားမှုတို့ကို အသုံးပြုလျက် အိပ်မက်အသစ်၊ စိတ်ကူးအသစ်တို့ကို တည်ဆောက်သူများဖြစ်ကြသည်။ အဆိုပါ ခေါင်းဆောင်များသည် အများသူငါတို့ထံမှ အကောင်းဆုံးအရည်အသွေးများ ထွက်ပေါ်လာစေရန် စိန်ခေါ်မှုအား ဖော်ထုတ် ပေးလေ့ရှိတတ်ပြီး ပိုမိုကြီးမားသော မျှော်မှန်းချက်များအတွက် အဆိုပါအရည်အသွေးများကို စုစည်းပေးလေ့ရှိသည်။

အဆိုပါခေါင်းဆောင်များမှာ ပိုမိုကျယ်ပြန့်သော မြင်ကွင်းတို့ကို မြင်နိုင်စွမ်းရှိပြီး မဟာဗျူဟာကျကျ တွေးခေါ်တတ်ကြသည်။ ယင်းတို့အနက် နိုင်ငံရေးဆိုင်ရာ၊ စီးပွားရေးလုပ်ငန်းပိုင်းဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ ဆန်းသစ်တီထွင်သူများ၊ အပြောင်းအလဲကို လိုလား လုပ်ဆောင်သူများ ပါဝင်သည်။

အမြော်အမြင်ကြီးမားသည့် ခေါင်းဆောင်တစ်ဦးသည် အဟောအပြောကောင်းရုံ သက်သက်မဟုတ်ဘဲ လက်တွေ့လုပ်ဆောင်မှု အပိုင်း၌လည်း ကောင်းမွန်သူဖြစ်သည်။ ယင်းကဲ့သို့ ခေါင်းဆောင်တစ်ဦးဖြစ်ရန်အတွက် ရင်ထဲ၊ နှလုံးသားထဲမှ လုပ်ဆောင်ပေး လိုသည့် ကတိကဝတ်ထားရှိနိုင်မည်။ ၎င်းအနေဖြင့် တိကျသော၊ ရရှိနိုင်သော ရည်မှန်းချက်များကို ဖန်တီးဖော်ထုတ်၍ အကောင်အထည်ဖော်ရာတွင်လည်း အခြားသူများမှ ပါဝင်လာစေရန် လှုံ့ဆော်ဆောင်ရွက်နိုင်တတ်သူဖြစ် သည်။

ရှင်းလင်းပြတ်သားပြီး လှုံ့ဆော်နိုင်စွမ်းရှိသည့်အမြင်

အမြော်အမြင် ကြီးမားသူများသည် အနာဂတ်နှင့် ပတ်သက်၍ အားပေးလှုံ့ဆော်နိုင်စွမ်းရှိပြီး အပြုသဘောဆောင်သည့် ရှုမြင်ချက်အပေါ် အခြေခံ၍ ၎င်းတို့၏ အမြော်အမြင်ကို သိသာမြင်သာစေရုံသာမက အဆိုပါ အနာဂတ်ရည်မှန်းချက်သို့ ရောက်ရှိ စေရေးအတွက် ရှင်းလင်းပြတ်သားသော ဦးတည်ချက်ကိုလည်း ထားရှိနိုင်ကြသည်။

အမြော်အမြင်ဆိုသည်မှာ စွမ်းပကားကို ရုပ်လုံးသဏ္ဌာန်ပေါ်စေသည့် နယ်ပယ်တစ်ခုဖြစ်သည်။ ထိရောက်သည့် ခေါင်းဆောင် များသည် ၎င်းတို့၏ ရည်မှန်းချက်ကို ကိုယ်တိုင်တိတိကျကျ ပုံဖော်ခြင်းဖြင့် ရှေ့နောက် ညီညွတ်ပြီး ဆီလျော်မှုရှိသော ဆိုလိုရင်း (message) ကို ပေးစွမ်းနိုင်သည်။

တောင်အာဖရိကမှ ထင်ရှားသောခေါင်းဆောင် တစ်ဦးဖြစ်သည့် နယ်လ်ဆင်မန်ဒဲလားသည် ၂၈ နှစ်ကြာ အကျဉ်းချထားခံရစဉ် အတောအတွင်း လူမျိုးရေးအရ ညီညွတ်မှုရှိသော တောင်အာဖရိကနိုင်ငံ ထူထောင်ရေး ရည်မှန်းချက်ကို စွဲကိုင်ထားခဲ့နိုင်ပြီး တစ်ကမ္ဘာလုံးမှ အံ့ဩသွားသည်အထိ အဆိုပါ ရည်မှန်းချက်ကို ငြိမ်းချမ်းစွာ လက်တွေ့အကောင်အထည်ဖော်နိုင်သူဖြစ်သည်။

အမြော်အမြင်ကြီးမားသည့် ခေါင်းဆောင်များသည် ဖြစ်နိုင်စွမ်းရှိသည့် ပြတ်သားသော ရည်မှန်းချက်ကို ဖော်ထုတ်ပေးခြင်းဖြင့် စွမ်းပကားကို ပိုမိုမြင့်မားသော အဆင့်သို့ ရောက်ရှိစေနိုင်သူများဖြစ်ကြသည်။ ၎င်းတို့သည် အများသူငါတို့ကို လက်ရှိအနေ အထားမှ ပိုမိုတိုးတက်ကောင်းမွန် မြင့်မားစေရေးအတွက် လှုံ့ဆော်နိုင်စွမ်း ရှိကြသည်။ အမေရိကန်ပြည်ထောင်စုမှ လူ့အခွင့်အရေးဆိုင်ရာ လူမည်းခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒေါက်တာ မာတင်လူသာကင်း၏ ကျွန်ုပ်၌ မျှော်မှန်းချက် (အိပ်မက်) တစ်ရပ်ရှိသည်’’ဆိုသည့် မိန့်ခွန်း၏ စွမ်းပကားမှာယင်းကဲ့ သို့သော လှုံ့ဆော်နိုင်စွမ်း၏ သာဓကတစ်ရပ်ဖြစ်သည်။

လှုံ့ဆော်နိုင်စွမ်းရှိသည့် စကားမိန့်ခွန်းတို့၏ ဖန်တီးဖော်ထုတ်နိုင်သည့် စွမ်းပကားမှာ အတွင်းကျသည့် ဆိုလိုရင်းကို ပေးစွမ်းနိုင်ပြီး ယင်းအပေါ် အများပြည်သူတို့မှလည်း သိမြင်၍ တုံ့ပြန်တတ်ကြသည်။ အမြော်အမြင် ကြီးမားသည့် ခေါင်းဆောင်တို့သည် စွမ်းအားကို အများသူငါတို့ထံ မျှဝေပေးပို့၍ ၎င်းတို့အနေဖြင့်လည်း ရည်မှန်းချက်အား ရယူနိုင်စွမ်း ရှိကြသည်ဟူသော ယုံကြည်ချက်ကို ဖြစ်ပေါ်စေနိုင်သည်။

အမေရိကန်ပြည်ထောင်စုမှ နာမည်ကျော် ရုပ်မြင်သံကြား အစီအစဉ်တင်ဆက်သူ အော်ပရာဝင်းဖရေးမှာ သူ၏ အစီအစဉ်သို့ ကိုယ်တိုင်တက်ရောက်သူများ၊ အစီအစဉ်ကို ရုပ်မြင်သံကြားမှတစ်ဆင့် ကြည့်ရှုသူ ပရိသတ်များအနေဖြင့် မိမိတို့ကိုယ်ကိုယ် ယုံကြည်နိုင်စွမ်း ရှိလာစေပြီး ပိုမိုကောင်းမွန်သော လောကတစ်ခု ဖြစ်ပေါ်စေရေးအတွက် ဝိုင်းဝန်းလုပ်ဆောင်ကြစေရန် လှုံ့ဆော်နိုင်စွမ်း ရှိသူတစ်ဦး ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုနိုင်ငံ၏ ၄၄ ဦးမြောက် သမ္မတဘားရက်အိုဘားမား အနေဖြင့်လည်း ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးခဲ့သည့် ကာလတစ်လျှောက်လုံး ကျွန်ုပ်တို့ လုပ်ဆောင်နိုင်ကြတယ်ဆိုသည့် စကားလုံးများဖြင့် အများပြည်သူတို့ကို မျှော်လင့်ချက်ပေး၍ အပြောင်းအလဲများကို မြင်တွေ့လိုစိတ် ဖြစ်ပေါ်စေခြင်းဖြင့် ရွေးကောက်ပွဲအား အနိုင်ရရှိခဲ့သည်ဟု ဆိုပါက မှားမည်မဟုတ်ပေ။

စင်ကာပူနိုင်ငံ၌လည်း လီကွမ်ယုဒေါက်တာ ဂိုကင်ဆွေစသည့် ခေါင်းဆောင်များ၏ အမြော်အမြင်ကို တစ်ကမ္ဘာလုံးမှ ထင်ရှားပြတ်သားစွာ မြင်တွေ့ခဲ့ရပါသည်။ ရှင်းလင်းပြတ်သားပြီး စွမ်းပကားကြီးမားလှသည့် အမြော်အမြင်တို့ကြောင့် သေးငယ်လှသည့် ကျွန်းနိုင်ငံတစ်ခုမှ ကြီးမားသည့် အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေခဲ့သည်။ ထို့ပြင် စီးပွားရေး လုပ်ငန်းနယ်ပယ်မှ ခေါင်းဆောင်များကလည်း ရှေ့သို့တက်လှမ်းနိုင်မည့် အမြော်အမြင်တို့ဖြင့် ၎င်းတို့၏ အခန်းကဏ္ဍကို ထင်ရှားစွာ ထုတ်ဖော်ပြသနိုင်ခဲ့ကြသည်။

ဆန်းသစ်ပြီး ရဲရင့်ပြတ်သားသော ဆောင်ရွက်ချက်

အမြော်အမြင်ကြီးမားသည့် ခေါင်းဆောင်တို့သည် သမားရိုးကျ စဉ်းစားတွေးခေါ်မှု ဘောင်ကို ကျော်လွန်သည့် မဟာဗျူဟာ များကို ဖော်ထုတ်တတ်ကြသည်။ အသွင်သဏ္ဌာန်များအား ပုံစံပြောင်းလဲတတ်ကြသည်။ ၎င်းတို့၏ စဉ်းစားတွေးခေါ်မှုမှာ ကျယ်ပြန့်ပြီး စနစ်ကျသည်။ ပိုမိုအပြောကျယ်သည့် မြင်ကွင်းများနှင့် ယင်းတို့အား ဆက်သွယ်ပေးထားသည့် ပုံစံများကို ရှုမြင် နိုင်စွမ်းရှိကြသည်။ ယင်းနောက်တွင် ဆန်းသစ်သော မဟာဗျူဟာများကို ဖန်တီးဖော်ထုတ်၍ ယင်းတို့၏ မျှော်မှန်းချက်များကို လက်တွေ့အကောင်အထည်ပေါ် လာစေရန် ဖော်ဆောင်နိုင်စွမ်းရှိကြသည်။

အဆိုပါ ခေါင်းဆောင်များအနေဖြင့် ပြဿနာအခက် အခဲများအပေါ် အလေးထားလေ့မရှိဘဲ အခွင့်အလမ်းများ အပေါ်၌သာ အလေးပေးလေ့ရှိတတ်သည်။ တစ်ဖက်နှင့် တစ်ဖက်အနိုင်၊ အရှုံးရလဒ်ထွက်ပေါ်စေမည့် ချဉ်းကပ်မှုမျိုးထက် နှစ်ဖက်လုံး အတွက် ရလဒ်ကောင်းများ ဖြစ်စေ မည့် (win-win) ချဉ်းကပ်မှုမျိုးအပေါ် ဦးစားပေးတတ် ကြသည်။

ကျန်းမာရေးဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်သည့် ဘော်ဒီရှော့ပ်လုပ်ငန်းကို ထူထောင်ခဲ့သူ အနီတာရော့ဒ်ဒစ်ခ် အနေဖြင့် သူ၏ လွန်စွာအောင်မြင် ကျော်ကြားသည့် ကုန်ပစ္စည်းများနှင့် အရောင်းဆိုင်များ အတွက် ရည်စူးရေးဆွဲထားသည့် ဆန်းသစ်သော မဟာ ဗျူဟာမှတစ်ဆင့် ကျန်းမာရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ပြဿနာရပ်များနှင့် တတိယ ကမ္ဘာခေါ် ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ဆုံးနိုင်ငံများရှိ ဆင်းရဲ နွမ်းပါးမှုတို့ကို ဖြေရှင်းပေးရန် ရည်မှန်းချက်ထားရှိခဲ့သည်။ ဘော်ဒီရှော့ပ်ထုတ်ကုန်များမှာ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို အားမပေးသည့် ကုန်ပစ္စည်းအမယ်များဖြင့် ထုတ်လုပ်ထားခြင်း ဖြစ်ပြီး ယင်းတို့၏ အရောင်းဆိုင်များကို ဆင်းရဲသားရပ်ကွက်များ၌ ဖွင့်လှစ်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီး ဖော်ထုတ်သကဲ့သို့ အမြတ်အစွန်းများကိုလည်း လူမှုအဖွဲ့အစည်း အကျိုးအတွက် ပြန်လည်အသုံးချလျက် ရှိသည်။

များစွာသော လူတို့သည် အခြေခံအားဖြင့် အမြော်အမြင်ကြီးမားသည့် ဦးဆောင်မှုတာဝန်ဝတ္တရားကို ထမ်းရွက်ခြင်းမှ ရှောင်ဖယ်တတ်ကြသည်။ အကြောင်းရင်းမှာ ဝေဖန်ခံရမည်(သို့မဟုတ်) ရှုံးနိမ့်မည်အရေးကို တွေးတောပူပန် စိုးရိမ်လွန်းခြင်း ကြောင့် ဖြစ်သည်။

မိမိတို့အနေဖြင့် တတိယထောင်စုနှစ်အတွင်း ရှေ့သို့လှမ်းချီနေစဉ် အမြော်အမြင်ကြီးမားသည့် ခေါင်းဆောင်များက ပေါ်ထွက် လာလျက်ရှိသည်။ စာဖတ်သူတို့အနေဖြင့်ရော စိန်ခေါ်မှုများအတွက် အသင့်ရှိပါသလားဟု မေးခွန်းဖြင့် အဆုံးသတ်လိုပါသည်။  ။

Ref:

Choudhury, Leslie. ‘‘Share your vision. ‘‘The Star 9 Aug. 2012: StarClassifieds

Maung Koung Mon. ‘‘သင်၏အမြင်ကို မျှဝေပါ’’ Outer Circle (သို့) အပြင်စီးမဂ္ဂဇင်း၊ Nov 2012