ပခုက္ကူ ၂၀ ဒီဇင်ဘာ 

 

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ရေစကြိုမြို့နယ် ရှင်မတောင်ဒေသထွက်သနပ်ခါးများနှင့် မြိုင်မြို့နယ်ထွက် သနပ်ခါးများ စိုက်ပျိုးရေး သနပ်ခါးများထက် ဈေးနှုန်းပိုရစွာ ရောင်းချနေရကြောင်း ပခုက္ကူမြို့မဈေးကြီး အနောက်ဘက် အမှတ်(၈)ရပ်၊ပန်းစွာတိုက် ဦးမေဃကျောင်းဝင်း သနပ်ခါးတန်း ဇရပ်တွင် ရောင်းချနေသည့် သနပ်ခါးပင်၊ သနပ်ခါးတုံး ရောင်းဝယ်ရေးပွဲစားများထံက သိရသည်။

 

အဆိုပါ သနပ်ခါးရောင်းဝယ်ရေးပြုလုပ်နေသည့် ဦးမေဃကျောင်းဝင်းဇရပ် သနပ်ခါးတန်းရှိ သနပ်ခါးရောင်းဝယ်ရေး ပြုလုပ်နေသည့် ဈေးသည်ဦးရေ ၁၀ဝ ခန့်ရှိပြီး သနပ်ခါးပင်၊သနပ်ခါးတုံး ရောင်းဝယ်ရာတွင် ရေစကြိုမြို့နယ် ရှင်မတောင်ဒေသထွက် သနပ်ခါးပင်များ၊ မြိုင်မြို့နယ် ကန်နီရွာ၊ ဗောက်ပင်ရွာထွက်သနပ်ခါးများ၊ ပေါက်မြို့နယ်ထွက် သနပ်ခါးများသည် အရည်အသွေးကောင်းမွန်ပြီး အသွေးခံပြီး လိမ်ခြယ်ရာတွင် မွှေးရနံ့ကြိုင်လှိုင်သင်းပျံ့ခြင်းတို့ကြောင့် မြန်မာပြည်တစ်လွှား နာမည်တစ်လုံးဖြင့် ရပ်တည်နေသော သနပ်ခါးဖြစ်ကြောင်း သနပ်ခါးပွဲစား ဒေါ်လှလှတင်ကပြောပြ၍သိ ရသည်။

 

ဦးမေဃကျောင်းဝင်း သနပ်ခါးတန်းတွင်  ဆယ်နှစ်ကျော်အထက် ရှင်မတောင်သနပ်ခါးမျိုးများသာ ရောင်းချနေခြင်းကြောင့် သနပ်ခါးပွဲစားတန်း နာမည်ရရှိနေခြင်းဖြစ်ကြောင်း၊ လက်လီ၊လက်ကား တစ်နိုင်ငံလုံး အာမခံပြီး ရောင်းချကြကြောင်း သနပ်ခါးတုံးများအား အရှည်တစ်ပေခွဲဖြစ်ပြီး ရောင်းချပေးခြင်း၊ ဝယ်ယူသူဖြတ်ခိုင်းမှသာ ဖြတ်ပေးကြောင်းနှင့် အရှည်တစ်ပေခွဲ သနပ်ခါးတုံးများကို ငွေကျပ် ၈၀ဝ၀ မှ ၁၅၀ဝ၀ ကျပ်ထိ ၊သနပ်ခါးအတုံး၊ အပွေးပါရှိမှု၊ အပွေးပါပြီး ဇောင်းထမှုများလျှင် ပို၍ ဈေးရကြောင်း၊ အပွေးပါရှိမှုနည်းလျှင် ဈေးလျော့ရောင်းချရကြောင်း သနပ်ခါးရောင်းချနေသူဒေါ်ချိုပြုံး ကပြောကြားသည်။

 

ရေစကြိုမြို့နယ်၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်ထွက် သနပ်ခါးများသည် အပွေးထူ၍ ဝယ်ယူ သူအကြိုက် ရှင်မတောင် သနပ်ခါးမျိုးများဖြစ်ကြောင်း ၊စိုက်ပျိုးရေးသနပ်ခါးသည် အခြားဒေသထွက် သနပ်ခါးများနှင့် ကွာခြားကြောင်းကာ သနပ်ခါးလိမ်းခြယ်ကြည့်ခြင်း၊ သနပ်းခါးသွေးကြည့်ခြင်းများ ဖြင့် အရည်အသွေး ကွာခြားမှုသိနိုင်ကြောင်း ရှင်မတောင်သနပ်ခါးသည် အိစက်ညက်ချောကာ စိုက်ပျိုးရေး သနပ်ခါးတုံးများထက် ပို၍အထားခံခြင်းများကြောင်း ဈေးနှုန်းပိုမိုရရှိကြောင်း၊ဝယ်ယူသုံးစွဲမှု လည်းများပြားကြောင်း သနပ်ခါးပွဲစား ဦးသိန်းလွင်ဦး ကပြောကြားကာ ရှင်မတောင်သနပ်ခါးများနှင့် ဈေးနှုန်းကွာခြားကြောင်းသိရသည်။

 

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)