ရေစကြို ၁၇ သြဂုတ်
ပခုက္ကူခရိုင် ရေစကြိုမြို့နယ်တွင် ရှင်မတောင်ခြေအနီးရှိကျေးရွာများရှိ ဒေသခံလူဦးရေ ရှစ်ထောင်ခန့်အတွက် လမ်းပန်းဆက်သွယ်ရေးဖွံ့ဖြိုးတိုးတက်စေရန်နှင့် ရှင်မတောင်လာ ဘုရားဖူးပြည်သူများအတွက် သွားလာရေးကောင်းမွန်စေရန် တောင်အိုကျေးရွာမှ ရှင်မတောင်သို့သွားရာလမ်းကို ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တောင်အိုကျေးရွာ-ရှင်မတောင်လမ်းမှာ လမ်းမိုင်အရှည် (၁၁/၄)မိုင်ရှိပြီး ကျောက်ချောလမ်း ( ၉/၄ ) မိုင်ရှိကြောင်းသိရသည်။ယခုအခါ ကတ္တရာခင်းထားခြင်းမရှိသေးသော ကျောက်ချောလမ်း ( ၉/၄ ) မိုင်ပေါ်တွင် လမ်းအဆင့်မြှင့်တင်သည့်အနေဖြင့် ကတ္တရာလမ်း (၄/ဝမိုင်)အားခင်းခြင်းဖြစ်ကြောင်း သိရသည်။
လမ်းခင်းခြင်းလုပ်ငန်းပြီးစီးပါက အကျိုးပြုကျေးရွာ(၁၄)ရွာ၊ အိမ်ခြေ (၁၆၆၁) အိမ်၊ လူဦးရေ (၇၉၃၉)ဦး တို့အကျိုးခံစားခွင့်ရရှိနိုင်မည်ဖြစ်ကြောင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
အဆိုပါလမ်းကို ၂၀၁၈ - ၂၀၁၉ ခု ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီး အစိုးရ အဖွဲ့၊ ရန်ပုံငွေဖြင့် တောင်အို-ရှင်မတောင်လမ်း(၄/ဝမိုင်) (6.437Km) အား ကတ္တရာလမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေခြင်းဖြစ်ပြီး ခန့်မှန်းခြေ ကုန်ကျငွေ တန်ဖိုး ကျပ် (၅၆၂ ဒသမ ၅) သန်းဖြစ်ကြောင်းသိရသည်။
တောင်အို- ရှင်မတောင်လမ်းသည် ပခုက္ကူ၊ ရေစကြိုကားလမ်းမကြီး (လမ်းဦးစီးဌာနပိုင်လမ်း)နှင့် ချိတ်ဆက်နေသည့်ကျေးလက်လမ်းဖြစ်ပြီး လမ်းအဆင့်အတန်းသတ်မှတ်ချက်မှာ- Class B အဆင့်ဖြစ်ကြောင်း သိရသည်။
ယခုအခါ အဆိုပါလမ်းတည်ဆောက်ခြင်းလုပ်ငန်း၏ ၈၀ ရာခိုင်နှုန်းကို ခင်းကျင်းပြီးစီးပြီဖြစ်ပြီး လမ်းခင်းခြင်းပြီးစီးပါက ရှင်မတောင်ခြေရှိဒေသခံပြည်သူများအတွက် သွားလာရေးလွယ်ကူ လာမည်ဖြစ်ကြောင်း သိရသည်။
“ရှင်မတောင်ဘုရားလမ်းကောင်းသွားရင်တော့ကျွန်တော်တို့ဒီဘက်က အများပြည်သူအတွက် သွားလာရလွယ်ကူသွားတာ ကုန်စည်စီးဆင်းမှုလည်း ပိုပြီးတော့ကောင်းသွားတာပေါ့ ဒီလမ်းမလုပ်ခင်က လမ်းကကြမ်းတော့ သွားရေးလာရေး အခက်အခဲရှိတယ် လမ်းကကျောက်လမ်းဆိုပေမယ့် မိုးရွာရင် ရွှံတွေနဲ့သွားလို့လာလို့မကောင်းဘူး အခုကတ္တရာလမ်းခင်းပြီးသွားရင်တော့ ကျွန်တော်တို့ ရှင်မတောင်တောင်ခြေက ကျေးရွာအုပ်စုတွေမှာ သွားလို့လာလို့ကောင်းသွားမှာပါ” ဟု ရှင်မတောင်ခြေရှိ ကျောက္ကာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ပြောသည်။
အဆိုပါလမ်းသည် ရှင်မတောင် တောင်ပေါ်သို့တက်သည့်လမ်းဖြစ်ပြီး ရှင်မတောင် ဘုရားဖူးလာသည့် ဧည့်သည်မှာ တစ်နေ့လျှင် ကား ၂စီး/၃စီးခန့်ပုံမှန်လာရောက်လျက်ရှိကြောင်းသိရသည်။ ရှင်မတောင်ပေါ်သို့ လာရောက်ကြသူများမှာ တောင်ကြီး၊ လားရှိုး၊ မြစ်ကြီးနား၊ ဟားခါးစသည့်ဒေသများမှ လာရောက် လည်ပတ်ကြခြင်းဖြစ်ပြီး ရှင်မတောင်ဘုရားပွဲတော်ကဲ့သို့သောအချိန်မျိုးတွင်မူ ဘုရားပွဲတော်ရက်အတွင်းတွင် ကားကြီးကားလေးအစီးရေ ရာချီလာရောက်ကြကြောင်း ရှင်မတောင်ခြေမှ ဒေသခံများထံက သိရသည်။
အဆိုပါရှင်မတောင်သွားရာလမ်းအား ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ရန် ရေစကြိုမြို့တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးတင်သောင်းက လွှတ်တော်တွင် တင်ပြတောင်းခံခဲ့ခြင်းဖြစ်ပြီး အဆိုပါ လမ်းကောင်းသွားပါက ဒေသခံများအတွက် လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ရှင်မတောင်ဒေသအား အခြေခံကာ အီကိုတိုရစ်ဇင်လုပ်ငန်းများအားလည်း ဆောင်ရွက်နိုင်ရန်ရည်ရွယ်ကာ တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ဦးတင်သောင်းထံမှ သိရသည်။
ထို့ပြင် အဆိုပါ တောင်အို-ရှင်မတောင်လမ်းမှာ မြိုင်မြို့နယ်မှ ကျေးရွာများနှင့်လည်း တိုက်ရိုက်ဆက်သွယ်ထားသော လမ်းဖြစ်သောကြောင့် နောင်တစ်ချိန်တွင် ရေစကြိုမြို့နှင့် မြိုင်မြို့နယ်အား ဆက်သွယ်သည့် ဖြတ်လမ်းဖြစ်လာနိုင်သောကြောင့် ကတ္တရာ ဆက်လက်ခင်းရန် ကျန်ရှိနေသော ကျောက်ချောလမ်းပိုင်းကိုလည်း နောက်ဘတ်ဂျက်များတွင် ဆက်လက်ဆောင်ရွက်နိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ဦးတင်သောင်းက ပြောပြသည်။
အိမွန်ဆွေ(ရေစကြို)


