သတင်းဆောင်းပါး - ဒေါက်တာမြင့်သန်း(ညောင်လေးပင်)
အသက်၂၉ နှစ်အရွယ် kate Ogg ဆိုသူ အမျိုးသမီးဟာ ကလေးမရနိုင်လို့ IVF ခေါ် ဖန်ပြွန်သန္ဓေသားရယူတဲ့နည်းနဲ့ ကြိုးစားခဲ့ရာမှာ အောင်မြင်ခဲ့ပါတယ်။ ရတော့လည်း အမြွာကလေးနှစ်ယောက်ရပါတယ်။ New South Wales ပြည်နယ်Wollong မြို့ရဲ့သားဖွားခန်းမှာ ရောက်နေခဲ့ပါတယ်။ မွေးဖို့ ၁၄ ပတ်လိုနေသေးပေမယ့် ဗိုက်နာလာပါတယ်
လမစေ့ဘဲ မွေးဖွားခြင်း
သူ့ရဲ့သားအိမ်က သားမွေးဖို့ ညှစ်နေတာဖြစ်ပါတယ်။ သူ့ရဲ့ ခင်ပွန်း David နဲ့အတူ အခုလို အရေးပေါ်မွေးဖွားဖို့ ရောက် လာတာပဲဖြစ်ပါတယ်။ “သားအိမ်က 2cm ပွင့်နေပြီ”တဲ့။ သူ့ရဲ့ကလေးတွေဟာ လမစေ့ဘဲ မွေးတော့မှာမို့ ကလေးတွေ အသက်ရှင်နိုင်ဖို့ ဆရာဝန်တွေ၊ သူနာပြုတွေ အစွမ်းကုန်ကြိုး စားကြဖို့ အဆင်သင့်ဖြစ်နေပါတယ်။ ဗိုက်ဆက်တိုက် နာလာ ပြီး ပထမသားကလေးကို မွေးထုတ်လိုက်ပါတယ်။ လမစေ့ တဲ့ကလေးမို့ အရုပ်ကလေးတစ်ရုပ်လိုပါပဲ။ ကလေးက အသက် မရှူသလောက်ဖြစ်နေတာ တွေ့ရပါတယ်။ ဒါကြောင့် အရေး ပေါ်အစီအမံတွေ ဆောင်ရွက်ကြပါတယ်။ ကလေးရဲ့အဆုတ်ထဲ လေပိုက်ထည့်တယ်။ ဆေးထိုးကြတယ်။ မကြာခင်မှာပဲ ဒုတိယကလေးဖြစ်တဲ့ သမီးလေးကို မွေးထုတ်လိုက်ပြန်ပါတယ်။ သားယောကျာ်းလေးက အခြေအနေဆိုးနေပါတယ်။ သမီးကလေးကတော့ ပုံမှန်ပါပဲ။ သားကလေးအတွက် စိုးရိမ်စရာ ဖြစ်နေပါတယ်။ သူ့ရဲ့အဆုတ်ထဲကို အောက်ဆီဂျင်ထည့်ပေး တယ်။ လိုအပ်တာ အကုန်လုပ် ပေးကြတယ်။ မိနစ်၂၀ကြာတဲ့ အထိ သူ့အဆုတ်တွေက လေအဝင်အထွက်မရှိဘူး။
လူ့အဆုတ်တွေဟာ မွေးလာပြီးတာနဲ့ ရေမြှုပ်လို ဖောင်းလာရတယ်။ အမိ ဝမ်းထဲမှာရှိတုန်းကတော့ အသားတုံးလေးလို ဖြစ်နေတာပါ။ လေဝင်လာမှ အဆုတ်ကစပြီး အလုပ်လုပ်တာ ဖြစ်ပါတယ်။ နီမြန်းတဲ့ ကလေးလေး ဖြစ်လာတာဟာ အဆုတ်တွေကောင်းစွာ အလုပ်လုပ်လာလို့ ဖြစ်ပါတယ်။ ဒီလိုမဖြစ်ရင် ပြာနှမ်းနှမ်းကလေးကို တွေ့ရပါတယ်။ ဒီလိုပြာနေတဲ့ ကလေးမျိုးကတော့ အခြေအနေမကောင်းဘူးလို့ ဆိုနိုင်ပါတယ်။ Kate ရဲ့ ပထမကလေး သားလေးကတော့ အမျိုးမျိုးကြိုးစား ပေမယ့် ပြာနှမ်း ခြောက်ကပ်နေပါတယ်။ မလှုပ်၊ မတုံ့ပြန်၊ ငြိမ်သက်နေတဲ့ အရုပ်တစ်ခုလိုပါပဲ။ “မရတော့ဘူး၊ ဒီကလေး ကိုတော့ ကျွန်တော်တို့လက်လွှတ်ရပြီ” ဟု ဆရာဝန်က ဆိုပါတယ်။ ဒါပေမယ့် ကလေးက စက္ကန့် ၃၀ မှာ တစ်ကြိမ်တော့ အသက်ကိုရှိုက်ရှူ နေတယ်။ ဒါဟာဆေးပညာမှာ gasping ခေါ်အသက်ငင်နေတဲ့ သဘောဖြစ်ပါတယ်။ အသက်ထွက်ခါနီး တွေ့ရတတ်တဲ့ အခြေအနေပါ။ “ ဦးနှောက်ကိုယ်ထည်က အကြောဆွဲနေတာပါပဲ။ မျှော်လင့်ချက်ရှိတဲ့ လက္ခဏာမဟုတ် ပါဘူး”ဟု ပြောပြီး ကလေးကိုမိခင်ဖြစ်တဲ့ Kate ဘေးမှာ ထားခဲ့ကြပါတယ်။ ဒီကလေး ဘယ်အချိန်ငြိမ်သွားမလဲ၊ ဒါပဲ စောင့်နေကြရုံပေါ့ဆိုတဲ့ သဘောပါပဲ။
သက်ရှင်ရန်အနည်းငယ်သော မျှော်လင့်ချက်
သားလေးကအသက် ငင်နေပေမယ့် မိဘ နှစ်ဦးကတော့ နောက်ဆုံးအချိန်အထိ မျှော်လင့်နေဆဲ ဖြစ်ပါတယ်။ မိခင်ဖြစ် သူ Kate ရဲ့ ရင်ခွင်ထဲကလေးကို ထည့်ပေးလိုက်ပါတယ်။ Kate က ကလေးကို သူ့ရင်ဘတ်နဲ့အပ်ပြီး အနွေးဓာတ်ပေး လိုက်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးထွက်ခွာသွားလည်း မိခင်ရဲ့ရင်ငွေ့နဲ့အတူ သွားပါစေပေါ့။ ဒီကလေးနှစ် ယောက်ဟာ လမစေ့ကြတာမို့ အခုလိုအခြေ အနေမျိုးနဲ့ဆိုရင် သူ့အတွက် မျှော်လင့်ချက် ကုန်သလောက်ပါပဲ။ ကလေးရဲ့အနှီးကို ခွာလိုက်ပြီး မိခင်ုအေနရဲ့ ရင်ဘတ်မှာ အသားချင်း ထိကပ် အပေါ်ကနေအဝတ်တစ်ခုနဲ့ ခြုံထားပါတယ်။ီလေငိ ကလည်း ဘေးနားကနေထွေးပိုက် ထားပါ တယ်။ သူတို့နှစ်ယောက်ရဲ့ ပါးပြင်ပေါ်မှာ မျက်ရည်တွေ စီးကျနေပါတယ်။ “ဘဝထဲကို ရောက်လာလာချင်း ပြန်ထွက်ခွာတော့မှာလား သားလေးရယ်။”
ကလေးကိုဖက်ထား၊ ကျောလေးကိုညင်သာစွာ သပ်ပေး ပါတယ်။ မိခင်ရဲ့ရင်ခွင်အနွေးဓာတ်နဲ့ ကလေးငယ်ကို skin to skin အရေပြားချင်း ထိတွေ့ပေးနေတာ ဖြစ်ပါတယ်။ ကလေးငယ်ရဲ့ ရင်ဘတ်ကလေးဟာ ပိုပြီးလှုပ်ရှားလာသလို ခံစားလာရပါတယ်။ အချိန်မှန်မှန်လှုပ်ရှားလာနေတယ်။ ခုနက တောင့်တင်းနေတဲ့ ရင်ဘတ်လေးဟာ လှုပ်ရှားလာလို့ ပျော့ ပျောင်းလာပါတယ်။ ဒါနဲ့ သူနာပြုဆရာမကို အမြန်ခေါ် ပြီး ပြပါတယ်။ ဒါဟာ reflex တုံ့ပြန်မှု တစ်မျိုးပဲ။ မမျှော်လင့်နိုင်သေးဘူး လို့ပဲဆိုပါတယ်။ Kateကတော့ ကလေးမှာ မျှော်လင့်ချက်ရှိ လာပြီလို့ ယုံကြည်သွားတယ်။ သားအမိ သားအဖ သုံးယောက် စလုံး နွေးထွေးစွာ ပွေ့ဖက်ကြဆဲ ဖြစ်ပါတယ်။ သားလေးများ ကြားနိုင်ရင် ကြားရအောင် စကားတွေလည်း ညင်ညင် သာသာ ပြောပေးကြပါတယ်။ အရေပြားအနွေးဓာတ်ရော၊ မေတ္တာအနွေး ဓာတ်တွေပါ ဖြန့်ကြဲနေပါတယ်။ ခဏအကြာမှာ သားကလေးရဲ့ မျက်လုံးလေးတွေ ပွင့်လာပါတယ်။ သူ့ရဲ့ခေါင်း ကလေးကိုလှုပ်ပြီး သူ့အဖေရဲ့လက်ကို ဆုပ်ကိုင်လာပါတယ်။ Kate က သူ့ရဲ့နို့ဦးရည် ကို ညှစ်ထုတ်လိုက်ပြီး လက်ထိပ်မှာတို့၊ ကလေး ငယ်ရဲ့ ပါးစပ်ကို ထိပေးလိုက်တော့ ကလေးက နို့စို့သလို စုပ်ပါတယ်။ ဆရာဝန်တွေ ရောက်လာပြီး ကလေးကို မချီလိုက်တော့ ကလေးက လှုပ်ရှား လာပြီး ငိုဖို့ပြင်ပါတော့တယ်။ ကလေးရဲ့ အဆုတ်တွေထဲကို လေအဝင်အထွက် ရှိနေတာကို တွေ့ ကြရပါတယ်။ လူတစ် ယောက်အသက်ရှင်ဖို့ လိုအပ်တဲ့ ဝင်လေ ထွက်လေ၊ ဝင်သက် ထွက်သက်ရှိနေပြီမို့ ဒီကလေး အသက်ရှင်နိုင်ပြီ။ အဆုတ်တွေထဲ လေဝင်ပြီမို့ ကလေးရဲ့ အသားအရောင်ကလည်း ပန်းနုရောင်သန်း လာပါတယ်။ မယုံနိုင်စရာပါပဲ။ ကလေးငယ်ကို သူ့ရဲ့ အမြွှာညီမရှိရာ Intensive care unit အထူးကြပ်မတ် ကုသဆောင်ထဲ ခေါ်သွားပြီး ဆက်လက်ပြုစုကြပါတယ်။
လွန်အံ့ဩဖွယ်ဖြစ်ရပ်တစ်ခု
မျှော်လင့်ချက် လုံးဝကုန်ဆုံးနေပြီလို့ ထင်ခဲ့ကြတဲ့ကလေးငယ်လေးဟာ အသက်ရှင်ခွင့်ရခဲ့ပါပြီ။ အလွန် အံ့ဩစရာ ဖြစ်ပါတယ်။ မိခင်ရဲ့ရင်ငွေ့နဲ့ ကလေးငယ်ကို ကျန်းမာအောင်၊ အသက်ရှင်လာအောင် လုပ်တဲ့ အယူအဆနဲ့အပြုအမူဟာ ရှေးကတည်းက ရှိခဲ့တယ်လို့ သိရပါတယ်။ Skin to skin contact ထိတွေ့စေ ခြင်းဟာ အထူးသဖြင့် လမစေ့ဘဲ မွေးလာတဲ့ကလေးတွေအတွက် မိခင်ရဲ့သားအိမ်မှာ နေခွင့်ပေးလိုက်သလို ဖြစ်စေပါတယ်။ သား ပိုက်ကောင်မိခင်တွေက သူတို့ရဲ့ကလေးတွေကို ရင်ခွင်ထဲမှာထား ပြီး ပြုစုတဲ့သဘောနဲ့ တူလို့ Kangaroo mother care လို့ခေါ် ကြပါတယ်။ ၁၉၇၀ ပြည့်နှစ်တွေက ကိုလံဘီယာနိုင်ငံ ဘိုဂိုတာမြို့ တော်မှာ လမစေ့မွေးတဲ့ကလေးတွေရဲ့ ၇၀ရာခိုင်နှုန်းလောက်ဟာ ကူးစက်ရောဂါတွေ၊ အသက်ရှူလမ်းကြောင်း ရောဂါတွေကြောင့် သေဆုံးခဲ့ရပါတယ်။
အဲဒီမှာ ဆရာဝန်တွေက Skin to skin contact နဲ့ လုပ်ပေးလိုက်တာ။ သေနှုန်းသိသာစွာ ကျဆင်း သွားကြောင်း သိရပါတယ်။ ကလေးရဲ့အသက်ရှူနှုန်း ကောင်းလာတယ်။ နှလုံး ခုန်တာလည်း မှန်လာတယ်။ “ဒါဟာကလေးရော မိခင်အတွက် ပါ အတော်အကျိုးပြုနိုင်တာတွေ့ရပါတယ်”ဟု မဲလ်ဘုန်းမြို့ Royal Womes’s Hospital မှ neonatal occupational the rapist မွေးကင်းစကလေး စောင့်ရှောက် ကုသကျွမ်းကျင်သူ Abbey Eeles က ပြောပါတယ်။ ခန္ဓာကိုယ်က ထိတွေ့မှုကို စနစ်တကျတုံ့ပြန်တာကို တွေ့ရပါတယ်။ မိခင်နဲ့ ကလေးတို့ အကြား skin to skin ထိတွေ့ မှုကြောင့် ဖြစ်လာနိုင်တဲ့ အကျိုးတွေကို တင်ပြလိုပါတယ်။
Stress response ဖိအားနဲ့ တုံ့ပြန်မှုကို လျော့စေပါ တယ်။ ဖိအားသက်ရောက်မှုကို ဖြစ်စေတဲ့ဟော်မုန်း stress hormones တွေဖြစ်တဲ့ cortisol,adrenalin,adrenocorticotropic hormone(ACTH) တွေကို လျော့ကျစေပါ တယ်။ မြန်လွန်းနေတဲ့ နှလုံးခုန်နှုန်း လျော့သွားစေပါတယ်။ သွေးဖိအားလည်းကျသွားပါတယ်။ လူ့နှလုံးနဲ့ သွေးလည်ပတ်မှု အတွက် ကောင်းစွာ အကျိုးပြုနိ်ုင်ပါတယ်။
Oxytoxin အောက်စီတိုစင် ခေါ် သဘာဝ peptide ပက်ပ်တိုက်ဒြပ်ပေါင်းထွက်လာစေပြီး ယင်းကြောင့် မိခင်နဲ့ ကလေးတို့အကြား နွေးထွေးတဲ့ဆက်သွယ်မှု ရစေပါတယ်။ Orbital frontal cortex ခေါ် ဦးနှောက်ရဲ့ရှေ့ပိုင်း နေရာများကို လှုံ့ဆော်တဲ့အတွက် နှစ်သက်အေးချမ်းတဲ့ အာရုံ ကို ရရှိစေပါတယ်။ ရေမွှေးနံ့လေးတွေ ရှူရှိုက်ရတဲ့အခါ နှစ် သက်တဲ့ စားစရာတွေစားရတဲ့ ခံစားရတဲ့ ခံစားရမှုမျိုးဖြစ်ပါ တယ်။
မိခင်နဲ့ကလေးတို့ အရေပြားချင်းထိတွေ့ မှုကြောင့် ရရှိတဲ့ ဆက်သွယ်မှုဟာ စကားပြောတာ၊ ဟန်အမူအရာတွေ ကြောင့် ရရှိတဲ့ဆက်သွယ်မှုနဲ့မတူ နူးညံ့သိမ်မွေ့လှကြောင်း လေ့လာမှုတွေအရ သိရပါတယ်။ မိခင်နို့တိုက်ကျွေးတဲ့ မိခင်တွေအဖို့ နို့ထွက်အား ကောင်းပါတယ်။ ပွေ့ဖက်ထားတာကြောင့် ကလေးအတွက် အသင့်တော်ဆုံး အပူချိန်ကို ရစေတယ်။ အိပ်ပျော်စေတယ်။ နာကျင်မှုတွေကို လျော့ကျစေတယ်။ ဦးနှောက်ဖွံ့ ဖြိုးမှု၊ စွမ်းအင်ရစေမှုတို့ ရစေပါတယ်။ ကလေးစာသင်ချိန်ရောက်ရင် တောင် သင်ကြားနိုင်မှုစွမ်းရည်တွေ တက်လာစေတယ်ဆိုတာလည်း တွေ့ရပါတယ်။ ဆွီဒင်နိုင်ငံ Uppsala University မှာ လေ့လာမှုအရ မွေးကင်းစကလေးတွေကို မိခင်နဲ့အတူ ထားတာကြောင့် ဖွံ့ ဖြိုးမှုတွေသိသာစွာရရှိကြောင်း တွေ့ရပါ တယ်။ လမစေ့ကလေးတွေ၊ ပေါင်ချိန်မပြည့်ကလေးတွေ အတွက် ကောင်းသောအကျိုးတွေ ရရှိစေကြောင်း သိရပါ တယ်။
နွေးထွေးလုံခြုံသော ရင်ငွေ့မေတ္တာ
အခုအခါ ရင်ခွင်မဲ့ကလေးများ ပြုစုစောင့်ရှောက်ရေးဆိုတဲ့ မွန်မြတ်တဲ့အများအကျိုးပြုလုပ်ငန်းတွေ စီစဉ်ဆောင်ရွက် နေတာ တွေ့ရလို့ အထူးဝမ်းမြောက်မိပါတယ်။ မိခင်တွေရဲ့ရင် ခွင်ဟာ အလွန်ထက်မြက်တဲ့ အစွမ်းတွေရှိပါတယ်။ မိခင်တွေရဲ့ ရင်ငွေ့တွေဟာ တစ်လောကလုံးကို နွေးထွေးစေပါတယ်။ ရင်ခွင်မဲ့ (သို့မဟုတ်)မိဘမဲ့ကလေးငယ်တွေဟာ မိဘမေတ္တာ ငတ်မွတ် နေသူတွေဖြစ်လို့ အင်မတန်သနားစရာဖြစ်ပါတယ်။
၂၀၁၁ ခုနှစ်ကစပြီး International Kangaroo Care Awareness Day အပြည်ပြည်ဆိုင်ရာ သားပိုက် ကောင် သသ္ဌာန်ပြုစုရေးအထိမ်းအမှတ် လှုံ့ဆော်နေ့အဖြစ် မေလ ၁၅ ရက်နေ့ကို သတ်မှတ်ကျင်းပ လာခဲ့ပါတယ်။ Kangaroo care မိခင်ရင်ငွေ့မှာ သားငယ်လေးကို မေတ္တာထားပြုစုတာဟာ ဆေးပညာအရရော၊ လူသားဘဝခံစားမှု အရပါ ကောင်းမွန်လှတဲ့အကျိုးတွေရရှိစေနိုင်တာတွေ့နိုင်ပါတယ်။ သို့သော် ဒီအချက်အပေါ် လက်တွေ့ ဖြစ်နိုင်ခြေ နည်းပါးလွန်းကြောင်း ဝေဖန်မှုတွေလည်း ရှိနေဆဲဖြစ်ပါတယ်။ မည်သို့ဆိုစေ မိခင် ဖခင်တို့နဲ့ လူ့လောကထဲ အစဦးဆုံးဝင် ရောက်လာတဲ့ သားလေး သမီးလေးတွေ အတွက်တော့ အလွန် အေးချမ်းတဲ့ ပတ်ဝန်းကျင်လေးတစ်ခုဖြစ်တာတော့ အသေ အချာပါပဲလို့ ထင်မိပါတယ်ခင်ဗျား။