ဇန်နဝါရီ ၁၀
“လမ်းတွေဖောက်တယ်ဆိုတာ အဓိကအားဖြင့် ကျွန်မတို့ ဒေသဖွံ့ဖြိုးရေးအတွက်လည်း ဖြစ်တယ်။ ဒါပေမယ့် ပိုပြီးအရေးကြီး တာက ကျွန်မတို့ ပြည်ထောင်စုတိုင်းရင်းသားများ အားလုံးကြားထဲမှာ နီးစပ်လာအောင် လုပ်တာဖြစ်ပါတယ်။ လမ်းမဖောက်ဘဲနဲ့ တစ်ယောက်နဲ့တစ်ယောက် ထိတွေ့မှုရှိဖို့ဆိုတာ မလွယ်ပါဘူး။ လမ်းဖောက်လိုက်တယ် ဆိုတာနဲ့ပဲ ထိတွေ့မှု တံတားကြီးတစ်ခု တည်ဆောက်လိုက် သလိုပါပဲ။ လမ်းတွေ၊ တံတားတွေ ဖောက်တယ်ဆိုတဲ့ အဓိကရည်ရွယ်ချက်က ဒါပဲဖြစ်ပါတယ်။ ဖွံ့ဖြိုးမှုဆိုတာလည်း နိုင်ငံတစ်နိုင်ငံအတွက် အရေးကြီးပေမယ့် ပိုပြီးတော့ အရေးကြီးတာက ညီညွတ်မှုအင်အားပဲ ဖြစ်ပါတယ်”ဟု ဇန်နဝါရီလ ၈ ရက်နေ့က ကချင်ပြည်နယ် နောင်မွန်မြို့နယ် မဂွေဇ-ဆန်လွတ်ချက် တောင်ထိပ် (၃၃ မိုင် ၆ ဖာလုံ)လမ်းပိုင်းဖွင့်ပွဲ အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
မြန်မာပြည်မြောက်ဖျားသည် အလွန်ဝေးလံခေါင်သီသည်။ တောတောင်များထူထပ်ပြီး လမ်းပန်းဆက်သွယ်မှု မလွယ်ကူသဖြင့် သွားလာရခက်ခဲသည်။ သွားလာရန် မလွယ်ကူသဖြင့် တစ်ဦးနှင့်တစ်ဦး ထိတွေ့ဆက်ဆံရေး၊ ချစ်ကြည်ရင်းနှီးရေး မလွယ်ကူ။ ဒေသလည်း မဖွံ့ဖြိုးသဖြင့် ညီညွတ်မှုကို ခက်ခဲစွာ တည်ဆောက်ရသည်။ ယခုထိ တွေ့ဆက်ဆံမှု တံတားတစ်ခုကို နိုင်ငံတော်က ဖွင့်လှစ်ပေးလိုက်သည်။ ဖွံ့ဖြိုးမှု၊ ညီညွတ်မှုကို ပိုမိုတည်ဆောက်နိုင်တော့မည်ဟု ယုံကြည်သည်။
ထိုသို့ လမ်းပိုင်းဖွင့်လှစ်ပေးခြင်းရည်ရွယ်ချက်နှင့်စပ်လျဉ်း၍ “အားလုံးကို ကျွန်မတို့ကတော့ တစုတစည်းတည်း တစ်ပြေးညီပဲ ဖြစ်ချင်ပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ အားလုံးတစ်ပြေးညီ ဖြစ်တယ်ဆိုတာဟာလည်း နိုင်ငံရဲ့ ဂုဏ်သိက္ခာပါပဲ”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ နိုင်ငံတစ်နိုင်ငံတွင် ဆင်းရဲချမ်းသာ ကွာဟမှုရှိနေခြင်းသည် နယ်မြေဒေသ၏ လမ်းပန်းဆက်သွယ်ရေး အခက်အခဲနှင့်လည်း သက်ဆိုင်ပေသည်။ ဆက်သွယ်သွားလာမှု ခက်ခဲသောအခါ ရင်းနှီးချစ်ကြည်မှု၊ ဖွံ့ဖြိုးတိုးတက်မှုတို့ အလှမ်းဝေးပြီး မြို့ပြနှင့်ကျေးလက်၊ မြို့ပြနှင့်တောင်ပေါ်ဒေသ ကွာဟမှု မြင့်မားနေသည်။
ယုံကြည်မှု၊ ညီညွတ်မှုကိုတည်ဆောက်ရာတွင် သာတူညီမျှမှု၊ တန်းတူညီမျှမှုရှိရေးသည် အရေးကြီးသည်။ အထူးသဖြင့် တောင်တန်း ဒေသများ၊ နယ်စပ်ဒေသများအတွက် အထူးလိုအပ်သည်။ လွတ်လပ်ရေး အတွက် ကြိုးပမ်းစဉ်ကတည်းက တရားမျှတလွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းတို့ကို ဆိုခဲ့ကြသည်။ သို့သော် လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ အခြေအနေ အမျိုးမျိုးနှင့် မငြိမ်းချမ်းခြင်းတို့ကြောင့် တောင်တန်း၊ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး ထိရောက်စွာ အကောင်အထည်ပေါ် မလာသေးဟု ဆိုရမည်ဖြစ်သည်။
ထို့ကြောင့် ခေတ်အဆက်ဆက်တွင် နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးလုပ်ဆောင်ခဲ့ သည်။ ထိုသို့ ကြိုးပမ်းဆောင်ရွက်ရာတွင် တောင်တန်းဒေသများ ကျန်လပ်မသွားစေရန်အတွက် ဝေးလံခေါင်သီသည့် မြန်မာပြည် မြောက်ဖျားမှ တောင်တန်းများတွင် လမ်းပန်းဆက်သွယ်ရေး ကဏ္ဍသစ်များကို အစိုးရသစ်လက်ထက်တွင် အထူးဦးစားပေး ဆောင်ရွက်နေသည်။ လမ်း၊ တံတားများ တည်ဆောက်ပေးနေသည်။ အလွန်ဝေးလံ၍ ကားလမ်းမပေါက်လျှင်ပင် မော်တော် ဆိုင်ကယ်လမ်းများ နေရာမရွေး ခရီးပေါက်နေသည်ကို တွေ့ရသည်။ ယခင်ထက်စာလျှင် သွားလာရေးလွယ်ကူလာသည်။
ဆက်သွယ်သွားလာမှု ခက်ခဲသောဒေသများတွင် ရရှိလာသော အခွင့်အလမ်းများကို ထိထိရောက်ရောက် အသုံးချဖို့ လိုအပ်သည်။ တစ်ဦးနှင့်တစ်ဦး ရင်းရင်းနှီးနှီးချစ်ချစ်ခင်ခင် လက်တွဲပူးပေါင်းကူညီ ဆောင်ရွက်ပေးကြရမည် ဖြစ်သည်။ သက်ဆိုင်ရာကလည်း သက်ဆိုင်ရာအလျောက်၊ နယ်မြေဒေသကလည်း နယ်မြေဒေသအလျောက် ပူးပေါင်းလက်တွဲဆောင် ရွက်ကြခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြဉ်းနိုင်မည် ဖြစ်သည်။
သို့ဖြစ်ရာ ရေမြေသဘာဝနှင့် တောတောင်အလှအပ၊ သဘာဝရှုခင်းများ ပေါများကြွယ်ဝသော မြန်မာပြည်မြောက်ဖျားဒေသ ဆက်သွယ် သွားလာမှု၊ ချစ်ကြည်ရင်းနှီးမှု၊ ဖွံ့ဖြိုးတိုးတက်မှုများ တိုးတက်ဝေစည်လာပြီဟု ဆိုနိုင်ပြီဖြစ်၍ ငြိမ်းချမ်းသာယာစွာဖြင့် အတူလက်တွဲ ဆောင်ရွက်နိုင်သော ညီညွတ်မှုအင်အားဖြင့် နိုင်ငံ့ဂုဏ်ဒြပ်ကို ဝိုင်းဝန်း လက်တွဲမြှင့်တင် ဖော်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ ။
(ကြေးမုံ)