ရင်းနှီးမြှုပ်နှံကာ အကျိုးဖြစ်ထွန်းစေမည် မန္တလေးစက်မှုဇုန်မှသည်

 

 

မိုးယံ

 

စက်ရုံထဲသို့ ဝင်လိုက်သည်နှင့် ထောပတ်ရနံ့မွှေးမွှေးက ဆီးကြိုနှုတ်ဆက်လေသည်။ ရှေ့ဆက် လက်လျှောက်လိုက်သော် စက်ကြီးများဖြင့် တစ်နာရီလျှင်နှစ်တန်ခန့် ထုတ်လုပ်နေသည့် ဘီစကစ်များက စက်ပေါ်တွင် အတန်းလိုက် ထုပ်ပိုးမည့်နေရာသို့ ရွေ့လျားနေကြသည်။

 

စက်ရုံ၏ နောက်ဘက်ခြမ်း၌ရှိသော ကုန်သိုလှောင်ရုံထဲတွင် ကုန်ကြမ်းဖြစ်သည့် ဂျုံအိတ်များ၊ သကြားအိတ်များက အစီအရီထပ်ထားသည်။ ကုန်ကြမ်းမှသည် ကုန်ချောရသည်အထိ စက်ကြီး များဖြင့် ထုတ်လုပ်နေပြီး မုန့်များထုပ်ပိုးရာတွင် ဝန်ထမ်းများ ဝတ်ဆင်အသုံးပြုရမည့် အင်္ကျီ၊ ဘောင်းဘီ၊ ဦးထုပ်၊ လက်အိတ်များကို ပိုးသတ် သန့်စင်ထားသည့် မှန်အလုံခန်းများတွင် စနစ်တကျ သီးသန့်ထားရှိသည်ကို တွေ့ရသည်။

 

ဘီစကစ်များသာမက ကွတ်ကီး၊ မုန့်ကြွပ်၊ ပေါင်မုန့်၊ ကိတ်မုန့်နှင့် ဝေဖာမုန့်များကို ထုတ်လုပ်နေပြီး မြန်မာတစ်နိုင်ငံလုံးသို့ ဖြန့်ချိရောင်းချလျက် ရှိသည့် စက်ရုံတစ်ခုပင်ဖြစ်သည်။

 

mdn

 

အဆိုပါ စက်ရုံသည် ယခင်က မန္တလေးမြို့ စိန်ပန်းရပ်တွင် တစ်ပိုင်တစ်နိုင် အိမ်တွင်းမှုလုပ်ငန်း အဖြစ်အစပြုခဲ့ရာမှ မန္တလေးစက်မှုဇုန် ပေါ်ပေါက်လာသည့်အခါ ၁၉၉၉ ခုနှစ်တွင် စက်မှုဇုန်သို့ ပြောင်းရွှေ့ခဲ့သော စိန်ခြယ်ကုမ္ပဏီ၏ စက်ရုံ ဖြစ်သည်။

 

မန္တလေးစက်မှုဇုန်ရှိ လမ်းပန်းဆက်သွယ်ရေး၊ ရေ၊ မီး၊ လျှပ်စစ်စသည့် အခြေခံအဆောက်အဦများ၊ ကုန်ထုတ်လုပ်မှုနှင့် ဈေးကွက်ဆိုင်ရာ အချက် အလက်၊ နည်းပညာတို့နှင့် ပေါင်းစပ်လိုက်သည့်အခါ တစ်ပိုင်တစ်နိုင် အစပျိုးလုပ်ကိုင်ခဲ့ရာမှ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME) တစ်ခုဖြစ်လာခဲ့သည်။

 

အချက်အချာနေရာ

 

မန္တလေးစက်မှုဇုန်သည် ရန်ကုန်- မန္တလေး လမ်းဟောင်း၏ အရှေ့တောင်ဘက် ပြည်ကြီးတံခွန် မြို့နယ်တွင်တည်ရှိပြီး ယောမင်းကြီးလမ်းနှင့် ကနောင်မင်းသားကြီး လမ်းများမှတစ်ဆင့် မန္တလေး မြို့လယ်မှ မိနစ် ၂၀ ခန့်ဖြင့် ရောက်နိုင်သည့် အချက်အချာနေရာ၌ တည်ထောင်ထားခြင်း ဖြစ်သည်။

 

မန္တလေးစက်မှုဇုန်ကို ၁၉၉၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့ကာ စက်မှုဇုန် အပိုင်း (၁) ၌ မန္တလေးမြို့ရှိ လုပ်ငန်းရှင်ပေါင်း ၇၀၀ ခန့်က လည်းကောင်း၊ ၁၉၉၉ ခုနှစ်တွင် စက်မှုဇုန်အပိုင်း(၂)၌ စိန်ခြယ်ကုမ္ပဏီကဲ့သို့ စိန်ပန်းရပ်ကွက်အတွင်းမှ ပြောင်းရွှေ့လာသည့် လုပ်ငန်းရှင် ၆၇၀ ခန့်က လည်းကောင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း လုပ်ကိုင်လျက်ရှိပြီး ၂၀၀၃ ခုနှစ်တွင် စက်မှုဇုန် အပိုင်း (၃)ကို ထပ်မံတိုးချဲ့တည်ထောင်ခဲ့ကြောင်း သိရသည်။

 

စက်မှုဇုန်တစ်ခုကို စက်မှုလုပ်ငန်းနှင့် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်ရန် လုံလောက် သော မြေနေရာရှိခြင်း၊ ဆိပ်ကမ်း၊ လေယာဉ်ကွင်းကဲ့ သို့ နိုင်ငံတကာ ဝင်ထွက်ပေါက်ရှိခြင်း သို့မဟုတ် အပြည်ပြည်ဆိုင်ရာ နယ်စပ်ဆက်သွယ်ရေးလမ်း ကြောင်းရှိခြင်းနှင့် ပြည်တွင်းဈေးကွက်များကို အလွယ်တကူ သွားလာဆက်သွယ်နိုင်သည့်နေရာဖြစ်ခြင်း စသည့်အချက်များပေါ်တွင် မူတည်၍ တည်ထောင်လေ့ရှိကြသည်။

 

ထို့အတူ စက်မှုကုန်ကြမ်းများ၊ အရင်းအမြစ်များနှင့် အခြေခံထုတ်ကုန်များ ပြည့်စုံလုံလောက်စွာ ရရှိနိုင်ခြင်း၊ ကျွမ်းကျင်လုပ်သား ရရှိနိုင်ခြင်းစသည့် အချက်များအပေါ် မူတည်၍ စက်မှုဇုန်တစ်ခုအဖြစ် နေရာရွေးချယ်လေ့ရှိကြောင်း သိရသည်။

 

 အခြေခံကောင်းများ ပိုင်ဆိုင်

 

မန္တလေးစက်မှုဇုန်သည် ထိုကဲ့သို့ အခြေခံကောင်းများကို ပိုင်ဆိုင်ထားပြီး ၂၀၂၂ ခုနှစ် စစ်တမ်း ကောက်ယူချက်အရ မန္တလေးစက်မှုဇုန်တွင် အသေးစားစက်မှုလုပ်ငန်း ၂၆၆ ခု၊ အလတ်စားစက်မှု လုပ်ငန်း ၂၃၉ ခုနှင့် အကြီးစားစက်မှုလုပ်ငန်း ၃၆၀ တို့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ဆောင်ရွက်လျက်ရှိကြသည်။

 

စားသောက်ကုန်၊ အဝတ်အထည်၊ လူသုံးကုန်၊ အိမ်သုံးပစ္စည်း၊ စာအုပ်စာပေနှင့် စာရေးကိရိယာ များ၊ ကုန်ကြမ်းပစ္စည်း၊ သတ္တုရေနံထွက်ပစ္စည်း၊ စိုက်ပျိုးရေးသုံးပစ္စည်း၊ စက်နှင့် စက်ကိရိယာ ပစ္စည်းများ၊ သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်ပစ္စည်း၊ သံနှင့်သံမဏိ၊ လယ်ယာသုံးကုန်နှင့် စက်ပစ္စည်း စသည်ဖြင့် စက်မှုလုပ်ငန်း အမျိုးအစားပေါင်း ၁၃ မျိုးကို မန္တလေးစက်မှုဇုန်က ထုတ်လုပ်လျက်ရှိသည်။

 

စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မန္တလေးစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီကို အဖွဲ့ဝင် ၂၇ ဦး ဖြင့် ဖွဲ့စည်းထားပြီး စက်မှုဇုန်စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များ၊ စက်မှုဇုန်အတွင်း ရင်းနှီးမြှုပ်နှံထားကြ သည့် လုပ်ငန်းရှင်များအား ကူညီဆောင်ရွက်ပေးရေး၊ နည်းပညာလိုအပ်ချက်များကိုလည်း ညှိနှိုင်းပံ့ပိုး ပေးခြင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန် ချက်များကို တစ်ဆင့်ပြန်လည်မျှဝေပြီး အစိုးရနှင့် လုပ်ငန်းရှင်အကြား ပေါင်းကူးဆက်သွယ်ပေးလျက် ရှိသည်။

 

အဓိက လမ်းပန်းဆက်သွယ်ရေး၊ ရေ၊ မီး၊ လျှပ်စစ်စတဲ့ စက်မှုဇုန်ရဲ့ အခြေခံအဆောက်အဦ တွေ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လုပ်ငန်းရှင်တစ်ဦး စက်မှု လုပ်ငန်း လိုင်စင်သက်တမ်းကုန်ဆုံးလို့ သက်တမ်း တိုးချင်သလား၊ အသစ်ပဲလုပ်မလား၊ ဒါတွေကို စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီက တာဝန်ယူ ဆောင်ရွက်ပေးပါတယ် ဟု မန္တလေးစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး ဦးလှိုင်မင်းချို က ပြောသည်။

 

စက်မှုဇုန်နှင့်ဆက်စပ်သည့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး၊ ရေရရှိရေး၊ ရေဆိုးသန့်စင်ရေး၊ မီးဘေး လုံခြုံရေး၊ ကားလမ်း၊ ရထားလမ်း၊ ဆိပ်ကမ်း၊ လေဆိပ်၊ ဆက်သွယ်ရေးကွန်ရက်စသည့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အခြေခံလိုအပ်ချက်များနှင့် လုပ်ငန်းများ လွယ်ကူလျင်မြန် ထိရောက်စေရေး အတွက် ဆောင်ရွက်ပေးနိုင်သည့် စီမံခန့်ခွဲရေး ဆိုင်ရာ အစီအစဉ်များစသည့် အခြေခံလိုအပ်ချက် များကိုလည်း မန္တလေးစက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီက ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။

 

လျှပ်စစ်ဓာတ်အား

 

နွေကာလတွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးနှင့် ပတ်သက်၍ စိန်ခြယ်ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးအောင်တိုး က “ကျွန်တော်တို့ စက်မှုဇုန်ထဲမှာ အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းတွေက အများကြီးပါ တယ်။ အခုဆိုရင် လျှပ်စစ်မီးက ပုံမှန်မရဘူး။ ဒါကို လူနေရပ်ကွက်တွေမှာ ပေးတဲ့ပုံစံမျိုးမဟုတ်ဘဲ စက်မှုဇုန်က လုပ်သားတွေ အလုပ်အကိုင်မပျက် အောင်၊ လုပ်ငန်းရှင်တွေလည်း လုပ်ငန်းလည်ပတ် လို့ရအောင်၊ အချိန်အတိုင်းအတာတစ်ခုအနေနဲ့ လျှပ်စစ်မီးရရှိအောင် ဖြည့်ဆည်းဆောင်ရွက်နိုင် ရေးအတွက် မန္တလေးစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီက သက်ဆိုင်ရာနဲ့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနေပါတယ် ဟု ပြောသည်။

 

မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းကျော်သည် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖြစ်ရာ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် MSME လုပ်ငန်းများသည် အသက်သွေးကြော သဖွယ်ဖြစ်သည်။

 

ထို့အတူ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများအနေဖြင့် အကြီးစားစက်မှု လုပ်ငန်းများကို ပံ့ပိုးပေးနိုင်သော အထောက်အကူပြု စက်မှုလုပ်ငန်းများအဖြစ် တန်ဖိုးကွင်းဆက် ဖွံ့ဖြိုးတိုးတက်လာစေရန်လည်း ဆောင်ရွက်နိုင် သည့်အတွက် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု သည် ယင်းတို့၏ တိုးတက်မှု၊ ဆုတ်ယုတ်မှုနှင့် တိုက်ရိုက်ဆက်စပ်နေသည်ဟုပင် ဆိုရမည် ဖြစ်သည်။

 

mdn

 

အမျိုးသားရေး ရည်မှန်းချက်

 

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော် ဝန်ကြီးချုပ်သည် ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် မန္တလေးမြို့ရှိ လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ကာ တိုင်းပြည်သာယာဝပြောရေးနှင့် စားနပ်ရိက္ခာ ပေါများရေးကို အမျိုးသားရေး ရည်မှန်းချက်အဖြစ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ကိုဗစ်ကာလတွင် ကမ္ဘာ့နိုင်ငံများနည်းတူ ကိုဗစ်၏ ရိုက်ခတ်မှုကြောင့် MSME လုပ်ငန်းများ ယိုင်နဲ့ခဲ့ရသဖြင့် ပြန်လည်ဦးမော့လာစေရေးအတွက် အတိုးနှုန်းသက်သာသည့် ချေးငွေများရရှိရန် မန္တလေးစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီမှ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ချေးငွေသာမက ဈေးကွက်ရရှိရေးအတွက် MSME ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲများတွင် ပါဝင်စေခြင်း ဖြင့် နိုင်ငံတကာဈေးကွက်အထိ ထိုးဖောက် ဝင်ရောက်နိုင်ရေးကော်မတီမှ ချိတ်ဆက်ဆောင်ရွက် ပေးလျက်ရှိရာ အချို့ထုတ်ကုန်များသည် ပြည်ပ နိုင်ငံများတွင် အခိုင်အမာ ဈေးကွက်ရရှိထားပြီ ဖြစ်သည်။

 

ထို့အတူ နည်းပညာရရှိရေးအတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်းကို မန္တလေးစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်တိုးက “နိုင်ငံတော်အတွက် အခြေခံကျတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းရှင်တွေရဲ့ ဉာဏဖွံ့ဖြိုး တိုးတက်ရေးအတွက် စက်မှုဇုန်နည်းပညာ ရရှိရေးလုပ်ငန်းကော်မတီကို ဖွဲ့စည်းထားရှိပြီး နည်းပညာ ဆိုင်ရာ အကြံဉာဏ်တွေ၊ ပညာရှင်တွေနဲ့ ချိတ်ဆက် ပေးမှုတွေကိုလည်း ဆောင်ရွက်လျက်ရှိပါတယ် ဟု ဆိုသည်။

 

တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်

 

မန္တလေးတိုင်းဒေသကြီးတွင် စိုက်ပျိုးရေး၊ မွေးမြူရေး ကုန်ကြမ်းများ၊ စက်မှုကုန်ကြမ်းများ များစွာထွက်ရှိသည့်အတွက် ကုန်ကြမ်းများကို အရင်းအနှီး၊ ဈေးကွက်၊ နည်းပညာ၊ ကျွမ်းကျင် လုပ်သားတို့ ပေါင်းစပ်ကာ အရည်အသွေးမီတန်ဖိုးမြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်လည်း တစ်ဖက် တစ်လမ်းမှ ပံ့ပိုးကူညီပေးလျက်ရှိသည်။

 

စက်မှုဇုန်များဖွံ့ဖြိုးတိုးတက်လာမှသာ ပြည်သူ များ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာ မည်ဖြစ်သည်။ ထို့ကြောင့် ပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိသော၊ ဖွံ့ဖြိုးတိုးတက်ရန် အလားအလာရှိသော ရင်းနှီးမြှုပ်နှံမှုများဖြစ်စေရန် အစိုးရ၊ ဌာနဆိုင်ရာနှင့် လုပ်ငန်းရှင်ဆိုသည့် ထောက်တိုင်သုံးရပ် ဟန်ချက် ညီညီပေါင်းစပ်ဆောင်ရွက်ခြင်းဖြင့် ပိုမိုအကျိုး ဖြစ်ထွန်းလာကာ အမျိုးသားရေးရည်မှန်းချက်များ ပြည့်ဝပြီး နိုင်ငံစီးပွားရေးဖွံ့ဖြိုး တိုးတက်အောင် စွမ်းဆောင်နိုင်ကြစေကြောင်း ဆန္ဒပြုတင်ပြလိုက် ရပါသည်။