မြိတ် ၂၄ အောက်တိုဘာ
တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို မြိတ်မြို့တွင် နိုဝင်ဘာလ၌ ကျင်းပမည်ဖြစ်ရာ ရင်းနှီး မြှုပ်နှံလိုသူနှင့် ရင်းနှီးမြှုပ်နှံလိုသည့်လုပ်ငန်းများနှင့်ပတ်သက်၍ မြိတ်ခရိုင် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းမှ ညီနောင်အသင်းများရှိ လုပ်ငန်းရှင် များအား အောက်တိုဘာ ၂၃ ရက် နံနက်ပိုင်းက မြိတ်ခရိုင်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
“ တနင်္သာရီတိုင်းဒေသကြီးတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများဝင်လာခြင်းအားဖြင့် ဒေသခံ လုပ်ငန်းရှင်များ လုပ်ငန်းအခွင့်အလမ်းဆိုင်ရာ ဈေးကွက်ပိုင်းဆိုင်ရာ လုပ်ငန်းအဆင့်အတန်း ဆိုင်ရာ နည်းပညာပိုင်းဆိုင်ရာ မြင့်မား တိုးတက်လာပြီး ဒေသဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်” ဟု မြိတ်ခရိုင်ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင် များအသင်းအတွင်းရေးမှူး ဦးထွန်းထွန်းက ပြောသည်။
ရင်းနှီးမြှုပ်နှံမှုဖိုရမ် ဆွေးနွေးပွဲ၌ ရင်းနှီးမြုပ်နှံမှုလုပ်ငန်းအတွက် လက်ရှိအချိန်တွင် မြိတ်ခရိုင်အနေဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ခန့်မှန်း(၁၁)ခုရှိပြီး အဓိကတော့ ရော်ဘာလုပ်ငန်း၊ သတ္တုလုပ်ငန်း၊ ရေပေးဝေရေးလုပ်ငန်း၊ ကမ်းဇော်ဆီလုပ်ငန်း၊ ငှက်သိုက် လုပ်ငန်း စသော လုပ်ငန်းများကို ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် တင်ပြရန် လုပ်ငန်း ရှင်များက စာရင်းပေးသွင်း ထားကြောင်း မြိတ်ခရိုင်ကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များအသင်းမှ သိရသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် လုပ်ငန်းရှင်များအား မြိတ်ခရိုင်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းမှ တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုဖိုရမ်အတွက် ရင်းနှီးမြှုပ်နှံနိုင်မည့် လုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံ လိုသည့်လုပ်ငန်းများပတ်သက်၍ အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ကြပြီး အချက်အလက်များစုဆောင်း၍ တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
ဆွေးနွေးပွဲသို့ မြိတ်ခရိုင်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ မြိတ်ခရိုင် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း၊ မြိတ်ခရိုင် အသေးစား အလတ်စား လုပ်ငန်းရှင်များ အသင်းနှင့် လုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက် ဆွေးနွေးခဲ့ကြသည်။
ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် ပြပွဲများ၊ ဆွေးနွေးပွဲများ ကျင်းပမည့် အစီအစဉ်များအား အောက်တိုဘာလ (၂၈)ရက်တွင် ဒေသခံလုပ်ငန်းရှင်များနှင့် ပြည်သူများအား ရှင်းလင်းသွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )


