မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)၏ လုပ်ငန်းတာဝန်များနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ၊ စိန်ခေါ်မှုများ ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည့် စီးပွားရေးစကားဝိုင်းဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့သည်များကို ဆက်လက်ဖော်ပြအပ်ပါသည်။
(ယမန်နေ့မှအဆက်)
မေး။ ။ ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်တွေကို အကာအကွယ်ပေးတာနဲ့ပတ်သက်ပြီး တချို့မသိသေးတဲ့ အချက်တွေ ရှိပါတယ်။ ဘယ်လို အကာအကွယ်ပေးနေလဲ။ ဘယ်လို အကာအကွယ် ပေးထားသလဲဆိုတာလေး သိချင်ပါတယ်။
ဦးသန်းအောင်ကျော်။ ။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုရဲ့ အခြေခံ သဘောတရား၊ ကျွန်တော်တို့ ဒေသတွင်းမှာရှိတဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်တဲ့ သဘောတူညီချက်တွေဆိုရင် နှစ်ဖက် သဘောတူညီချက်တွေ၊ ဒေသတွင်း သဘောတူညီမှုတွေ ရှိတယ်။ အဲဒီမှာ ရင်းနှီးမြှုပ်နှံမှု လာလုပ်မယ့်သူတွေအတွက် သက်ဆိုင်ရာ အိမ်ရှင်နိုင်ငံတွေက အကူအညီပေးဖို့ တာဝန်ရှိတယ်။ ကျွန်တော်တို့ ဥပဒေတွေထဲမှာလည်း အဲဒီကိစ္စကို အတိအလင်းပြဋ္ဌာန်းထားတယ်။
ကတိကဝတ်နဲ့ ကာကွယ်မှု
ရင်းနှီးမြှုပ်နှံမှုဥပဒေ တစ်ခုတည်းမဟုတ်ဘဲ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာကိုက နိုင်ငံတော်ရဲ့အခြေခံမူ ပုဒ်မ ၂၆ (ဃ) ကိုကြည့်ရင် နိုင်ငံတော်က စီးပွားရေးလုပ်ငန်းတွေကို ဘယ်တော့မှ ပြည်သူပိုင် မသိမ်းဘူးလို့ ပြဋ္ဌာန်းထားပြီးသား။ ရင်းနှီးမြှုပ်နှံမှုဥပဒေမှာ ဘာကိုပြထားသလဲဆိုရင် ရင်းနှီးမြှုပ်နှံမယ့်သူ ဝင်လာတယ်။ သူတင်ပြတဲ့အတိုင်း အနှစ် ၂၀၊ ၃၀၊ ၅၀ စသည်ဖြင့် ခွင့်ပြုလိုက်တယ်။ ခွင်ပြုထားတဲ့ ကာလအတွင်းမှာ သူက ဥပဒေအတိုင်း လုပ်နေသရွေ့ သူ့ကို သွယ်ဝိုက်ပြီးသော်လည်းကောင်း၊ တိုက်ရိုက်သော်လည်းကောင်း အဲဒီလုပ်ငန်းကို ရပ်စေ၊ သိမ်းစေ မလုပ်ဘူး လို့ အာမခံထားတယ်။ ဒါပေမယ့် နိုင်ငံအတွက်၊ တိုင်းပြည်အတွက် လိုလာပြီ။ မဖြစ်မနေ ဒီလုပ်ငန်းကို ပိတ်သိမ်းဖို့ လိုအပ်လာရင် ပြည်သူ့အတွက် ပိတ်သိမ်းနိုင်တယ်။ ဒါပေမယ့် စည်းကမ်းချက်တွေရှိတယ်။ အဲဒီလို ပိတ်သိမ်းမှုတွေလုပ်တဲ့အခါ ဘက်မလိုက်ရဘူး။ ဥပဒေနဲ့အညီလုပ်ရမယ်။ အဲဒီလုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ် အားလုံးကို နစ်နာမှုမရှိအောင် အမြန်ဆုံး ပေးလျော်ပြီးမှ ပိတ်သိမ်းနိုင်တယ်။ ဒါဟာ ကျွန်တော်တို့က ရင်းနှီးမြှုပ်နှံ သူတွေအတွက် ပေးထားတဲ့ ကတိကဝတ်နဲ့ ကာကွယ်မှုပါ။
ဦးအေးလွင်။ ။ ကျွန်တော် ဖြည့်ပြောချင်တာက အစိုးရကပဲ၊ တာဝန်ရှိတဲ့ ဌာနတွေကပဲ ပြေလည်အောင် လုပ်ပေးမယ်၊ ဖြေလျှော့ပေးမယ်၊ လွယ်ကူအောင် လုပ်ဆောင်ပေးမယ် ဆိုတာတွေကို လုပ်ဖို့လိုသလို ပြည်တွင်းရင်းနှီးမြှုပ်နှံမှုပဲဖြစ်ဖြစ်၊ ပြည်ပရင်းနှီးမြုပ်နှံမှုပဲဖြစ်ဖြစ်၊ တိုင်းရင်းသားဖြစ်ဖြစ်၊ နိုင်ငံခြားသားဖြစ်ဖြစ် ဥပဒေအတိုင်း စနစ်တကျလုပ်ဖို့လိုပါတယ်။ ကျင့်ဝတ်ကောင်းတဲ့၊ ကျင့်ဝတ်လိုက်နာတဲ့ စီးပွားရေးလုပ်ငန်းရှင် ဖြစ်ဖို့လိုပါတယ်။ အကာအကွယ် ပေးတယ်ဆိုတာ ရင်းနှီး မြှုပ်နှံမှုကို အကာအကွယ်ပေးတာပါ။ ရင်းနှီးမြှုပ်နှံသူကို အကာအကွယ် ပေးတာမဟုတ်ဘူး။ ရင်းနှီးမြှုပ်နှံမှုက တိုင်းပြည်အတွက် အင်မတန်အရေးကြီးတယ်ဆိုရင် အားပေးမယ်။ စောင့်ကြည့်မယ်။ ကာကွယ်ပေးမယ်။ လိုအပ်တာတွေကူညီပေးမယ်။ လုပ်ငန်းရှင်က ဥပဒေ ချိုးဖောက်နေရင်တော့ သူ့ကို အကာအကွယ်ပေးလို့မရဘူး။ ချိုးဖောက်တဲ့ ဥပဒေအတိုင်း အရေးယူခွင့်ရှိပါတယ်။
ဥပဒေအတိုင်း လိုက်နာဖို့
ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ် ပုဒ်မ ၅၅ မှာ ရင်းနှီးမြှုပ်နှံမှုကို ကာကွယ်ရန် တာဝန်ရှိသည် ဆိုတာပါတယ်။ ဒါပေမယ့် အောက်ပါအချက်အလက် လေးခုမှအပ ဆိုတာပါတယ်။ နံပါတ် (၁) နိုင်ငံတော်နှင့် ပြည်သူအတွက် အဲဒီလုပ်ငန်းကို အမှန်တကယ်လိုအပ်တဲ့အခါမှာ (၂) ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီအဖွဲ့ဝင်တွေထဲမှာ တည်ဆဲဥပဒေတွေကို ကျော်လွှား ချိုးဖောက်ထားမယ်ဆိုရင် ကာကွယ်ပေးလို့ မရပါဘူး။ (၃) ရင်းနှီးမြှုပ်နှံသူနဲ့ သက်ဆိုင်ရာဝန်ကြီးဌာန၊ သက်ဆိုင်ရာ လုပ်ငန်းရှင်အချင်းချင်း နှစ်ဖက်သဘောတူ ချုပ်ဆိုထားတဲ့ ကတိကဝတ်တွေကို ဖောက်ဖျက်ခဲ့ရင် ကာကွယ်ပေးလို့ မရပါဘူး။ (၄) ဆက်စပ်နေတဲ့ ဝန်ကြီး ဌာနတွေအပါအဝင် ကျင့်ဝတ်ကောင်းတယ်၊ ပတ်ဝန်းကျင် မထိခိုက်ဘူး၊ ပြည်သူတွေကို မထိခိုက်ဘူး ဆိုတဲ့အချက်တွေကို ချိုးဖောက်ထားရင် ကာကွယ်လို့မရပါဘူး။ ကာကွယ်ရင် တရားစွဲခွင့်ရှိပါတယ်။ ဥပဒေအတိုင်း လိုက်နာဆောင်ရွက်ပေးပါ။ လျော်ကြေးပေးသင့်တာကို ပေးပါမယ်။ မပေးသင့်ဘူးဆိုရင်လည်း ပေးစရာမလိုဘူးလို့ ဥပဒေမှာ ဖော်ပြထားပါတယ်။ ကျွန်တော်ဆိုလိုတာက ရင်းနှီးမြှုပ်နှံမှုအပေါ်မှာ နှစ်ဦးနှစ်ဖက် အစိုးရရော ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်အားလုံးကရော ရိုးသားစွာဖြင့် ကျင့်ဝတ်ကောင်းကောင်းနဲ့ ကြိုးစားလုပ်ဖို့ လိုတယ်ဆိုတဲ့ အကြောင်း၊ ဥပဒေအတိုင်း လိုက်နာဖို့ လိုတယ်ဆိုတဲ့ အကြောင်း ဖြည့်စွက်ပြောကြားတာပါ။
မေး။ ။ ရင်းနှီးမြှုပ်နှံတဲ့နေရာမှာ မြေနဲ့ပတ်သက်ပြီး ဘယ်လိုအသုံးပြုခွင့်ပေးထားလဲ ဆိုတာကို ဆွေးနွေးပေးစေချင်ပါတယ်။
ဒေါ်မြသူဇာ။ ။မြေနဲ့ပတ်သက်ပြီးတော့ ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းတစ်ခု လုပ်မယ်ဆိုရင် လုပ်ငန်း အမျိုးအစား၊ လုပ်ကိုင်မယ့် နေရာဒေသအပေါ်မူတည်ပြီးတော့ ငှားရမ်းဆောင်ရွက်ခွင့်ရှိတယ်။ အရင်ကတော့ ပုဂ္ဂလိကမြေမှာ ငှားရမ်းဆောင်ရွက်ခွင့် မရှိပါဘူး။ နိုင်ငံတော်မြေပဲ ငှားရမ်း ဆောင်ရွက်ခွင့်ရှိတာကြောင့် ၂၀၁၁ မှာ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က အမိန့်ကြော်ငြာစာ အမှတ် ၃၉/၂၀၁၁ ဆိုပြီးတော့ ထုတ်တယ်။ ၁၉၈၇ မရွှေ့မပြောင်းနိုင်တဲ့ ကန့်သတ်ဥပဒေ ပုဒ်မ ၁၄၊ ၁၅ အရ သတ်မှတ်ထားတာက နိုင်ငံခြားသားကို ငှားရမ်းရင် ၁၀ နှစ်ထက် ပိုမငှားရဘူး။ အဲဒါကို ဖောက်ထွက်ဖို့အတွက် အမိန့်ကြော်ငြာစာထုတ်ပေးတယ်။ အဲဒီ အမိန့်ကြော်ငြာစာ အရဆိုရင် ပုဂ္ဂလိကမြေကို ငှားရမ်းဆောင်ရွက်ခွင့်ရှိတယ်။ ဒါကြောင့် ၂၀၁၂ ဥပဒေ ပြဋ္ဌာန်းတာနဲ့ ပုဂ္ဂလိကမြေကို ငှားရမ်းဆောင်ရွက်ခွင့်ရှိတာနဲ့ သဟဇာတဖြစ်သွားတဲ့အတွက် ရင်းနှီးမြှုပ်နှံမှုက တိုးတက်လာပါတယ်။ အခု ဥပဒေမှာဆို အတိအလင်း ဖော်ပြထားပါတယ်။ မြေငှားရမ်းမယ်ဆို ပုဂ္ဂလိကကဖြစ်စေ၊ နိုင်ငံတော်အဖွဲ့အစည်းက ငှားရမ်းသည်ဖြစ်စေ သက်တမ်းပြည့် ငှားရမ်းခွင့် နှစ် ၅၀ နဲ့ နောက်ထပ် ၁၀ နှစ်စီ နှစ်ကြိမ် သက်တမ်းတိုးနိုင်တယ် လို့ပြဋ္ဌာန်းခဲ့ပါတယ်။
မေး။ ။ ရင်းနှီးမြှုပ်နှံတာနဲ့ပတ်သက်ပြီး ဥပဒေအရ တားမြစ်ထားတဲ့ လုပ်ငန်းတွေရှိလား ဆိုတာ ကိုလည်း ဆွေးနွေးပေးစေချင်ပါတယ်။
ဦးသန်းအောင်ကျော်။ ။ နိုင်ငံတိုင်းက ရင်းနှီးမြှုပ်နှံတာနဲ့ပတ်သက်ပြီး ခွင့်ပြုတဲ့အခါ ကိုယ့်နိုင်ငံသားတွေ လုပ်နိုင်တဲ့အလုပ်တွေ၊ ကိုယ့်အစိုးရကပဲ လုံခြုံရေးအရ အရေးကြီးတယ်၊ တိုင်းပြည်အတွက် မဟာဗျူဟာကျတယ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ယဉ်ကျေးမှုတွေနဲ့ပတ်သက်တယ်၊ အဲဒီလို လုပ်ငန်းမျိုးတွေဆို နိုင်ငံခြားသားတွေကို မပေးပါဘူး။ ကျွန်တော်တို့က ဥပဒေအရ အမိန့် ၁၅/၂၀၁၇ ဆိုတာကို ထုတ်ပြန်လိုက်တယ်။ ဒါကတော့ ဘယ်နိုင်ငံမဆို ရင်းနှီးမြှုပ်နှံမှုဥပဒေထွက်ပြီးရင် နိုင်ငံခြားသားတွေကို ဘယ်လုပ်ငန်းတွေ ခွင့်ပြုမယ်။ ဘယ်လုပ်ငန်းကိုတော့ ဖက်စပ်လုပ်ပိုင်ခွင့်ပြုမယ်။ ဘာကိုတော့ ရာနှုန်းပြည့် ခွင့်ပြုတယ်ဆိုတဲ့ အမိန့်ကို အားလုံးသိအောင်ကြေညာရတယ်။ ဒီသဘောတိုင်းပဲ ကျွန်တော်တို့ ဆောက်ရွက်ခဲ့တာ ဖြစ်ပါတယ်။
နံပါတ်တစ် အစိုးရကပဲ လုပ်ရမယ့် လုပ်ငန်းတွေ နိုင်ငံတိုင်းမှာ ရှိတယ်။ ဥပမာ ကာကွယ်ရေးနဲ့ပတ်သက်ရင် အစိုးရကပဲ လုပ်ရမယ်။ လေယာဉ်ပျံ၊ လေကြောင်းပျံသန်းမှုတွေကို ထိန်းသိမ်းကြပ်မတ်တာတွေ၊ ဒီလိုအရာမျိုးတွေကို အစိုးရကပဲ ကိုင်တွယ်ဆောင်ရွက်ပါတယ်။ ပြည်တွင်းလည်း မပေးဘူး။ ပြည်ပလည်း မပေးပါဘူးလို့ တိတိလင်းလင်း ကြေညာထားတယ်။ လုပ်ငန်းအမျိုးအစား ကိုးခုပဲ ရှိတယ်။
ဒုတိယတစ်ခုကတော့ နိုင်ငံခြားသားလုပ်ငန်းရှင်ကို လုံးဝမပေးဘဲ ပြည်တွင်းက လုပ်ငန်းရှင်ကိုပဲ ခွင့်ပြုထားတာ ရှိတယ်။ ဥပမာ ရေချိုငါးဖမ်းတာမျိုး၊ ကျွန်တော်တို့ဆီမှာရှိတဲ့ သာမန်တံငါလုပ်သူ၊ စီးပွားရေးလုပ်ငန်းရှင် အသေးစားတွေကို နိုင်ငံခြားသား သွားထည့်လိုက်ရင် ကျွန်တော်တို့ ပြည်တွင်းကသူတွေမှာ အခက်အခဲဖြစ်လာနိုင်တယ်။ နောက်ရေနံတွင်းတိမ် လက်ယက်တွင်းလေးတွေ တူးတာမျိုး ကျွန်တော်တို့ ခွင့်မပြုဘူး။ သစ်တောတွေကို ထိန်းကျောင်းဆောင်ရွက်တဲ့ ကိစ္စတွေလည်း နိုင်ငံခြားသားကို ခွင့်မပေးပါဘူး။ ကျောက်မျက်တူးတဲ့ ကိစ္စတွေ နိုင်ငံခြားသားတွေကို ခွင့်မပေးပါဘူး။ ဒီလို မပေးဘူးဆိုတဲ့ လုပ်ငန်း တွကိုလည်း သေသေချာချာ တိတိကျကျ ထုတ်ပြန် ထားတယ်။
ဖက်စပ်လုပ်ငန်း
နောက်တစ်ခုကတော့ နိုင်ငံခြားသားနဲ့ မြန်မာနိုင်ငံသား ဖက်စပ်လုပ်လို့ ရပါတယ်ဆိုတဲ့ လုပ်ငန်းကိုလည်း အသေးစိတ် ထုတ်ပြန်ထားပါတယ်။ ဖက်စပ်လုပ်ငန်းမှာ လုပ်ငန်း တော်တော်များများပါတယ်။ အဓိကက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးမှာ ကိုယ့်နိုင်ငံသားတွေချည်းပဲ မလုပ်နိုင်တဲ့ ကိစ္စတွေရှိတယ်။ အရင်းအနှီးမရှိဘူး။ နည်းပညာမရှိဘူး။ ဒီလုပ်ငန်းကို ဖွံ့ဖြိုးစေချင်တယ်။ ဒါမျိုးဆိုရင် ကျွန်တော်တို့က ဖက်စပ်လုပ်ငန်းထဲမှာ ထည့်ထားတယ်။ ဖက်စပ်လုပ်ငန်းဆိုရင် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု ၈၀ ရာခိုင်နှုန်းအထိ ထည့်လို့ရတယ်။ နောက်တစ်ခုကတော့ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု ကို ၁၀ဝ ရာခိုင်နှုန်းခွင့်ပြုနိုင်တယ်။ ဖက်စပ်နဲ့လည်း ခွင့်ပြုနိုင်တယ်။ ဒါပေမယ့် သက်ဆိုင်ရာ ဝန်ကြီးဌာနက ဒီလုပ်ငန်းကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့လုပ်ငန်းဟုတ်၊ ဒါ့အပြင် နည်းပညာနဲ့ ပတ်သက်မှုပိုင်းအရရော သူက ကျွမ်းကျင်တဲ့၊ အတွေ့အကြုံရှိတဲ့ လုပ်ငန်း ဟုတ်၊ မဟုတ်၊ ဝန်ကြီးဌာနက သေသေချာချာစစ်ဆေးပြီး ခွင့်ပြုမယ့်လုပ်ငန်းဆိုပြီး သေသေချာချာ ခွဲထားတယ်။ ပြန်ပြောရရင် ကန့်သတ်တဲ့လုပ်ငန်းဆိုတာ အစိုးရ နိုင်ငံတော်ကပဲ လုပ်ရမယ့်လုပ်ငန်းတွေကို ကျွန်တော်တို့ ကန့်သတ်ထားပါတယ်။ ပြီးတော့မှ နိုင်ငံသားတွေအတွက်ပဲ သီးခြားထားရမယ့် လုပ်ငန်းတွေကို ကာကွယ်ပြီး ကန့်သတ်ထားပါတယ်။ နောက်တစ်ခုကတော့ နိုင်ငံခြားသားနဲ့ ကျွန်တော်တို့တစ်တွေ ဖက်စပ်လုပ်ဖို့ ခွင့်ပြုထားတဲ့ လုပ်ငန်းတွေလည်း ရှိပါတယ်။ ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ နိုင်ငံခြားသားတွေ ၁၀ဝ ရာခိုင်နှုန်း လုပ်နိုင်တဲ့လုပ်ငန်းတွေလည်း ခွင့်ပေးထားပါတယ်။
စိုက်ပျိုးရေးကဏ္ဍဆိုရင် ကျွန်တော်တို့မှာ မျိုးကောင်းမျိုးသန့် ရှားတယ်။ အဲဒါနဲ့ပတ်သက်ပြီး ထုတ်လုပ်တဲ့ ကုမ္ပဏီတွေနည်းတယ်။ ဒါမျိုးဆိုရင် မျိုးထုတ်တာနဲ့ ပတ်သက်ပြီး နိုင်ငံခြားသားကို ၁၀ဝ ရာခိုင်နှုန်း ခွင့်ပြုထားတယ်။ စိုက်ပျိုးရေးကဏ္ဍမှာလည်း နိုင်ငံခြားသားကို ၈၀ ရာခိုင်နှုန်းအထိ လုပ်ခွင့်ပေးထားတယ်။ ကန့်သတ်မှုရှိပေမယ့် ကျွန်တော်တို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း လုပ်ရမယ့်အလုပ်တွေဆိုရင် တံခါးဖွင့်ပြီး ဆောင်ရွက်နေတယ်ဆိုတာကို ပြောလိုပါတယ်။
မေး။ ။ ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ပြီး တိုးမြှင့်ပြီးသတ်မှတ်ထားတဲ့ ဆောင်ရွက်မှုတွေရှိလား။ သီးခြားတိုးမြှင့်ခွင့်ပေးထားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရှိတယ်ဆိုရင် နိုင်ငံအတွက် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိလဲဆိုတာလေး ဆွေးနွေးပေးစေလိုပါတယ်။
ဦးဌေးချွန်။ ။အခု ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်မှာ ပွင့်လင်း မြင်သာမှုရှိတယ်ဆိုတဲ့အပိုင်းမှာ တစ်ခုပါဝင်တာက ဦးစားပေးသတ်မှတ်တဲ့ ကဏ္ဍကို သီးခြားဖော်ပြထားပါတယ်။ ဥပဒေပုဒ်မ ၄၃ မှာ ပါပါတယ်။ အမိန့် ကြော်ငြာစာ ၁၃/၂၀၁၇ မှာဆိုလည်း ဦးစားပေးမြှင့်တင်မည့် ကဏ္ဍများဆိုပြီး သတ်မှတ်ထားပါတယ်။ အဲဒီကဏ္ဍ ထဲမှာပါတဲ့ လုပ်ငန်းတွေကိုပဲ ဝင်ငွေခွန် ကင်းလွတ်ခွင့်၊ သက်သာခွင့်ပေးပါတယ်။ အဲဒီကဏ္ဍတွေက လယ်ယာကဏ္ဍ စိုက်ပျိုးထုတ်လုပ်မှု၊ ဝန်ဆောင်မှုနှင့် စိုက်ပျိုးရေးအခြေခံ တန်ဖိုးမြှင့်လုပ်ငန်းတွေ၊ လယ်ယာကဏ္ဍထွက်ကုန်တွေ၊ လယ်ယာကဏ္ဍ ထုတ်လုပ်မှု လုပ်ငန်းတွေ၊ လယ်ယာထုတ်လုပ်မှုလုပ်ငန်းတွေ၊ ဝန်ဆောင်မှုများ အဲဒီလယ်ယာထွက်ကုန်တွေကို ထပ်ပြီး အဆင့်မြှင့်တဲ့ value-added Industry ကို ခွင့်ပြုပါတယ်။ value-added Industry တွေတိုးလာရင် နိုင်ငံဝင်ငွေကို ပိုမိုရအောင်နဲ့ တန်ဖိုးအရည်အသွေးမြင့်ကုန်တွေ ထွက်လာပါတယ်။
ဝင်ငွေခွန် ကင်းလွတ်ခွင့်နှင့် သက်သာခွင့်
နောက်တစ်ခုက တိရစ္ဆာန်မွေးမြူရေးနဲ့ ရေထွက် ပစ္စည်းလုပ်ငန်းပါ။ အဲဒါလည်း ဦးစားပေးမြှင့်တင်မယ့် အထဲမှာ ပါပါတယ်။ နောက်ထပ် ပို့ကုန်မြှင့်တင်တဲ့လုပ်ငန်းနဲ့ သွင်းကုန်အစားထိုး လုပ်ငန်းတွေကလည်း ဦးစားပေးထဲမှာ ပါပါတယ်။ လျှပ်စစ်ဓာတ်အားပေးရေး ကဏ္ဍဆိုင်ရာ လုပ်ငန်းတွေ၊ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းတွေ၊ ပညာ ရေးဝန်ဆောင်မှု လုပ်ငန်းတွေ၊ တန်ဖိုးနည်းအိမ်ရာ တည်ဆောက်မှုလုပ်ငန်း၊ စက်မှုမြို့တော် တည်ဆောက်မှု လုပ်ငန်းတွေပါ။ ဦးစားပေးမြှင့်တင်မယ့်လုပ်ငန်းက ၁၀ မျိုးဖြစ်ပါတယ်။ အဲဒီထဲမှာ ပါမှသာလျှင် ဝင်ငွေခွန် ကင်းလွတ်ခွင့်နှင့် သက်သာခွင့်ပေးမယ်ဆိုတာ ပွင့်ပွင့် လင်းလင်း ပြောထားပါတယ်။
မေး။ ။ ပြည်သူတွေအတွက် အခြေခံအကျဆုံး ဦးစားပေး ရင်းနှီးမြှုပ်နှံမှုက ဘာတွေဖြစ်မလဲ ဆိုတာလည်း ဖြည့်စွက်ဆွေးနွေးပေးပါဦး။
ဦးအေးလွင်။ ။ ၁၉၈၈ ခုနှစ် နောက်ပိုင်းပေါ်ပေါက်လာတဲ့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အစိုးရအဖွဲ့ကနေ ၁၉၈၉-၁၉၉၀ ခုနှစ်မှာ ပုဂ္ဂလိကလုပ်ငန်းတွေ ပေးလုပ်ပါတယ်။ အဲဒီအချိန်မှာကတည်းက တော်တော်များများကို ပွင့်ပွင့်လင်းလင်းပေး လိုက်တယ်။ ၁၉၉၄ ခုနှစ်ကစပြီး နောက်ထပ် မူဝါဒတွေ ပါတယ်။ ပုဂ္ဂလိကတွေ ပေးတယ်။ စက်မှုဇုန်တွေတည်ထောင်ခဲ့တယ်။ ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒဂုံဆိပ်ကမ်း၊ ဒဂုံ မြို့သစ်တောင်ပိုင်း ၁၊ ၂၊ ၃ စသည်ဖြင့် ရန်ကုန်မှာ အများကြီး ပေါ်ပေါက်ခဲ့ပါတယ်။ အစိုးရက မြေပေးတော့ပေးတယ်။ အဲဒီမှာ နိုင်ငံခြားသားတွေ ပြည်တွင်းက အချို့နဲ့ပေါင်းပြီး တရားမဝင်မြေယာဝယ်ယူမှုတွေလုပ်ပြီး မြေကို ကစားတယ်။ အဲဒါတွေက နှစ် ၂၀ လောက် ဖွံ့ဖြိုးတိုးတက်လာတယ်။ တကယ်တမ်း ရင်းနှီးမြှုပ်နှံမှု အချိန်ကျရောက်တဲ့အခါမှာ မြေဈေးကြီးတာတွေ ကြုံရ တယ်။ ဒါဟာ နစ်နာသွားတဲ့ အချက်တစ်ချက်ပါ။ မူလကတည်းက ဒါကို စနစ်တကျ မကာကွယ်ခဲ့လို့ ဖြစ်တာလို့ ယူဆတယ်။
တက်ညီလက်ညီရှိခဲ့ဖို့
စက်မှုလက်မှုအခြေခံတွေ ဖွံ့ဖြိုးတိုးတက်မယ်၊ ကုန်ထုတ်စွမ်းအားတွေ ဖွံ့ဖြိုးတိုးတက်မယ်၊ ဒါမှ ကျွန်တော်တို့ တိုင်းပြည်စီးပွားရေး တကယ်ဖွံ့ဖြိုးတိုးတက်မှာ။ စက်မှုလက်မှုအခြေခံတွေ ဖွံ့ဖြိုးတိုးတက်ဖို့က အခြေခံ အဆောက်အအုံဖြစ်တဲ့ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ် ဓာတ်အား ကောင်းမွန်ရေး၊ အခြားအခြေခံအဆောက်အအုံ ကောင်းမွန်ရေး၊ အရင်းအနှီးတွေကအစ နိုင်ငံတော်က တည်ဆောက်ပေးဖို့နဲ့ ဆောင်ရွက်ပေးဖို့ တာဝန်ရှိတယ်။ ဈေးကွက်ရဖို့၊ နည်းပညာ မြင့်မားတိုးတက်ဖို့၊ နည်းပညာတွေဝယ်ယူဖို့က ပုဂ္ဂလိကတွေနဲ့ ဆိုင်တယ်။ အဲဒီနှစ်ခုက ယှဉ်တွဲပြီး အတူတူတက်နိုင်အောင် တက်ညီလက်ညီရှိခဲ့ဖို့ လိုတယ်။ ဒါတွေ အားနည်းခဲ့လို့ ပြည်တွင်းစက်မှုလက်မှု လုပ်ငန်းတွေ အားနည်းခဲ့တာပါ။
အရင်ခေတ်က ကျွန်တော်တို့မှာ တီဗွီလာတာနဲ့ စီးပွားရေးဦးတည်ချက် လေးရပ်လာတယ်။ စိုက်ပျိုးရေးကို အခြေခံတဲ့ စီးပွားရေးလုပ်ငန်းကို အားပေးမယ်ဆိုတာပါတယ်။ အရင်ခေတ်က ကုန်ကြမ်းကိုပဲ နိုင်ငံခြားဝင်ငွေ ရရှိအောင် ပြည်ပကို တင်ပို့တယ်ဆိုတဲ့အရာကိုပဲ ရာခိုင်နှုန်း တော်တော်များများကို အခြေခံခဲ့ပေမယ့် ဒီဘက်ခေတ်မှာတော့ နည်းပညာကိုအခြေခံပြီး တန်းဖိုးမြှင့်ထုတ်ကုန်တွေကို ထုတ်ဖို့ သွားရပါပြီ။ အဲဒီလိုသွားတဲ့အခါမှာ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေနဲ့ ပြည်တွင်းက ရင်းနှီးမြှုပ်နှံသူတွေ ပူးပေါင်းဖို့လိုပါတယ်။ ပြည်ပက လူတွေ ဖိတ်ခေါ်တဲ့အခါ ရဲရဲဝံ့ဝံ့ စနစ်တကျ လွယ်ကူမယ်၊ မှန်ကန်မယ်၊ မြန်ဆန်မယ်ဆိုတဲ့စနစ်အပြင် စည်းကမ်းပါပါရမယ်။ ပြည်တွင်းစည်းကမ်းကို ပွင့်ပွင့်လင်းလင်းပြောပြဖို့ လိုသလို ပြည်တွင်းက သူတွေကလည်း လိုက်နာဖို့လိုမယ်။ ပြည်တွင်းကို အားပေးတဲ့ ဥပဒေတွေထုတ်ပြီး ပြည်ပကို အားပေးတဲ့ ဥပဒေထုတ်ဖို့ နှောင့်နှေးကြန့်ကြာနေရင်လည်း မလွယ်ဘူး။ ဥပမာ သီလဝါ အထူးစီးပွားရေးဇုန်ကြီး ပေါ်လာတယ်။ ကျွန်တော်တို့အတွက် အများကြီး ကောင်းပါတယ်။ အထူးစီးပွားရေးဇုန် မပေါ်ခင် အထူးစီးပွားရေးဇုန်ဥပဒေ ထွက်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ နှစ်ပေါင်း ၂၀ လောက် ရှိပြီ။ ပြည်တွင်းစက်မှုဇုန် အမြောက်အမြားကို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာလည်း ဖော်ပါတယ်။ မြေကွက်တွေ ဖော်ထားပြီးတော့ ဒီနေ့အထိ တိုးတက်ဖွံ့ဖြိုးမှု မရှိတဲ့ စက်မှုဇုန်တွေ ရန်ကုန်မှာလည်း အများကြီး ရှိနေပါတယ်။ အဲဒီစက်မှုဇုန်အတွက် ဥပဒေတွေကို အစိုးရအဆက်ဆက် ပြီးအောင်မရေးဆွဲ နိုင်သလို ဒီနေ့အထိလည်း ပြီးအောင် မရေးဆွဲနိုင် သေးဘူး။
စနစ်ကျတဲ့ ဘောင်ထဲမှာ ပြည်တွင်းလုပ်ငန်းရှင်တွေလည်း ရပ်တည်နိုင်ရင်းနဲ့ တစ်ဆင့်နိမ့် လုပ်ငန်းတွေ လုပ်နိုင်အောင်လို့ လျှပ်စစ်မီး ရရှိရေး၊ မလိုလားအပ်တဲ့ အနှောင့်အယှက်တွေ မဖြစ်ပေါ်ရေး၊ နောက်ဆုံး အလုပ်သမား၊ အလုပ်ရှင် ဥပဒေမှာ တရားမျှတဲ့ ဥပဒေဖြစ်ရေး ဒါတွေအားလုံးကို ဒီဘက်ခေတ်မှာ စနစ်တကျဖြစ်အောင် တော်တော်လေး လုပ်လာပါတယ်။ ခြုံပြောရရင် ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု၊ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ အဆင်ပြေ ချောမွေ့အောင် နိုင်ငံတော်အဖွဲ့အစည်းတွေက ပံ့ပိုးကူညီပြီး ဆောင်ရွက်ရမယ်။ ဝန်ကြီးဌာနအချင်းချင်း ကွဲလွဲနေတာတွေ၊ ညှိနှိုင်းဆောင်ရွက်မှု အားနည်းနေတာတွေ ရှိနေတယ်။ ခေတ်အဆက်ဆက် အားနည်းနေတာက တိကျသေချာတဲ့ အောက်ခြေသတင်းအချက်အလက်တွေ ရရှိမှုပါ။ ကနေ့အထိလည်း မူလက ဓနိနဲ့နေတဲ့ရွာတွေ သွပ်နဲ့နေနိုင်တယ်။ မီးမရှိတဲ့ ရွာတွေ ရာခိုင်နှုန်းတော်တော်များများ ဆိုလာမီးကအစ ရနေပေမယ့် စနစ်ကျတဲ့ ဖွံ့ဖြိုးမှု အားနည်းနေပါသေးတယ်။ ဘဏ်စနစ်အပါအဝင် အရာအားလုံးကို စနစ်တကျလုပ်ဖို့ အခုအချိန်က အင်မတန် အရေးကြီးနေတဲ့ အချိန်ပါ။ အဲဒီရဲ့ အဓိကကတော့ လုပ်ငန်းရှင်နဲ့ ပြည်သူများ တစ်သားတည်းပါရပါမယ်။
(ဆက်လက်ဖော်ပြပါမည်)