mdn

နေပြည်တော် ၂၄ ဖေဖော်ဝါရီ

 

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ငပလီကမ်းခြေ၌ကျင်းပသည့် ရခိုင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုပြပွဲ (၂၀၁၉) ဖွင့်ပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “ဖွံ့ဖြိုးတိုးတက်မှုဝန်းကျင်တွင် အချိန်နောက်ကျရောက်လာသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် အကြံတူ နောက်လူသာစမြဲ ဆိုသည့်အတိုင်း ရခိုင်ပြည်နယ်သည် ထိုအကျိုးကျေးဇူးကိုခံစားရန် အဆင်သင့်ဖြစ်နေပြီး အခြားသူများ၏ အတွေ့အကြုံများ၊ အမှားအယွင်းများကို လေ့လာနိုင်ပြီး အခွင့်အလမ်းသစ်များနှင့် နယ်ပယ်သစ်များအား ဖွင့်လှစ်နိုင်မှာပဲဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

 

ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲ(၂၀၁၉)သည် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစပျိုးသည့် ခြေလှမ်း၊ သို့တည်းမဟုတ် ရင်းနှီး မြှုပ်နှံမှုလမ်းစကို စတင်ဖွင့်လှစ်ပေးလိုက်သည့် ခြေလှမ်းဖြစ်သည်။ ဖွံ့ဖြိုး တိုးတက်မှုနောက်ကျနေသော ပြည်နယ်တစ်ခုကို ဖွံ့ဖြိုးတိုးတက်လာအောင်စတင်တွန်းအားပေးလိုက်ခြင်းပင် ဖြစ်သည်။ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ခေတ်ဆန်းသစ်စေသည်သာမက မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အထင်ကရမှတ်ကျောက်တစ်ခုပင်ဖြစ်သည်။

 

ယခုပြပွဲတွင် ပြည်တွင်း၊ ပြည်ပမှ အဆိုပြုထားသည့် လုပ်ငန်း ၂၄ ခုကိုမြင်တွေ့နိုင်မည်ဖြစ်သည်။ ပြီးခဲ့သည့်လက နေပြည်တော်တွင် ပြည်တွင်း၊ ပြည်ပကိုယ်စားလှယ် ၁၆၀ဝ ခန့် တက်ရောက်ခဲ့သော Invest Myanmar Summit 2019 တွင် လမ်း၊ လေဆိပ် တည်ဆောက်ရေးစီမံကိန်းများမှစက်မှုဇုန်များနှင့် မြို့သစ်များ တည်ဆောက်ရေးစီမံကိန်းများအထိ ပါဝင်သည့် ရခိုင်ပြည်နယ်တွင် အကောင်အထည်ဖော်မည့် စီမံကိန်းအသစ်များလည်း ဖြစ်သည်။ ထိုစီမံကိန်းများသည် စီမံကိန်းဘဏ်တွင်ပါဝင်ပြီး စီမံကိန်းများကို တင်ဒါစနစ်ဖြင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သွားမည်ဖြစ်သည်။

 

ရခိုင်ပြည်နယ်သည် ရေမြေသဘာဝသယံဇာတများ ပေါများကြွယ်ဝသော ဒေသဖြစ်သည်နှင့်အညီ ကောင်းမွန်သောရာသီဥတုနှင့် လှပသည့်သဘာဝပတ်ဝန်းကျင်များ စုံလင်သည်။ ပထဝီအနေအထားမှာလည်း ဒေသတွင်း၌ အချက်အချာကျသဖြင့် ပြည်တွင်း၊ ပြည်ပမှ အထူးစိတ်ဝင်စား သောနေရာဖြစ်သည်။ ယခုကဲ့သို့ ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲမှတစ်ဆင့်ရခိုင်ပြည်နယ်၏ ပကတိအလားအလာကောင်းများကို ထင်ဟပ်ပြသလိုက်နိုင်သဖြင့် ရခိုင်ပြည်သူများ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်မှုနှင့် မျှော်လင့်ချက်အသစ်များကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်သည်။ အဓိကရည်မှန်းချက်မှာ ရရှိလာမည့်အကျိုးအမြတ်များကို တိုင်းရင်းသားပြည်သူများ မျှဝေခံစားနိုင်ရေးဖြစ်သည်။

 

အချုပ်အခြာအာဏာပိုင်ဆိုင်သည့် ပြည်ထောင်စုနိုင်ငံတော်တွင်ပြည်သူလူထုက ဒီမိုကရေစီနည်းလမ်းတကျ ရွေးချယ်တင်မြှောက်ထားသော အစိုးရအနေဖြင့် စည်းလုံးညီညွတ်မှုနှင့် သဟဇာတဖြစ်မှုကို ဦးစားပေး ဖော်ဆောင်ပေးနေသည်။ အထူးသဖြင့် မတူကွဲပြားမှုများဖြင့် တည်ဆောက်ထားသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် တိုင်းရင်းသားပြည်သူများ အခွင့်အရေးညီမျှစွာရရှိနိုင်ရေးမှာ အထူးလိုအပ်နေသဖြင့် ဖွံ့ဖြိုးမှုလိုအပ်နေသော ရခိုင်ပြည်နယ်အတွက် စီးပွားရေးတံခါးသစ်ကို စတင်ဖွင့်လှစ်ပေးလိုက်ခြင်းကို ကြိုဆိုရမည်ဖြစ်သလို အလားတူ တိုင်းရင်းသား များဒေသ ပြည်နယ်များတွင်လည်း ဆက်လက်ဖွံ့ဖြိုးတိုးတက် လာအောင်လမ်းစများ ဖော်ဆောင်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်

 

သို့ဖြစ်ရာ ယခုကဲ့သို့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုများသည် နိုင်ငံတော် အစိုးရနှင့်ပြည်သူများက စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ညီညီညွတ်ညွတ် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် အကျိုးရလဒ်များပင် ဖြစ်သည်။ ယခု ရခိုင်ပြည်သူများ၏ ငြိမ်းချမ်းရေးနှင့် ကြွယ်ဝချမ်းသာရေးကို ဆောင်ကြဉ်းပေး မည့် ရခိုင်ပြည်နယ်အတွင်း မပျက်မစီးတည်ရှိနေသော သဘာဝအရင်း အမြစ်များကို တန်ဖိုးထားလေးစားသည့် ရင်းနှီးမြှုပ်နှံမှုအစီအစဉ်သစ်များအား ဝိုင်းဝန်းကြိုဆို ပါဝင်ဆောင်ရွက်ရ မည်ဖြစ်ပါကြောင်း။

 

ကြေးမုံ