ဝဏ္ဏ(TGI)

 

ဖိုရမ်သို့ တက်ရောက်လာသည့် အကြီးအကဲများနှင့် ကိုယ်စားလှယ်များသည် အကြီးအကဲ၏ ဆက်လက်ဆွေးနွေး မှုအပေါ် စိတ်ပါဝင်စားစွာ နားစွင့်နေကြသည်။  ဆွေးနွေးမည့် ခေါင်းစဉ်အရ ပထမအပိုင်းဖြစ်သည့်  စားနပ်ရိက္ခာ လုံခြုံရေး(Food Security)ကဏ္ဍတွင် မြန်မာနိုင်ငံ၏ အရေးပါမှုအကြောင်းဆွေးနွေးမှုကို ကြားသိခဲ့ရပြီး ဖြစ်သည်။ ဒုတိယအပိုင်းတွင် မည်သို့ဆွေးနွေးမည်နည်း။ ရင်းနှီးမြှုပ်နှံမှုအတွက် အခွင့်အလမ်းကောင်းများတွင် မည်သို့သော အကြောင်းအရာများ ပါဝင်မည်နည်း။ မည်သို့သော   ဆွဲဆောင်နိုင်မည့်   အခွင့်အလမ်းများ ပေါ်လာမည်နည်း။ မည်သူတို့ကို ရည်ညွှန်း၍ မည်သူတို့၏ရပိုင်ခွင့်ကို   ဖော်ဆောင်မည်နည်းကို စိတ်ဝင်စားကြသည်။   ခေတ်၏ ပြောင်းလဲမှုအရ  ဘက်တစ်ဖက်တည်းကသာ အသာရသည့်  စီးပွားရေးစနစ်မဟုတ်ကြောင်း မည်သို့ဆွေးနွေး မည်လဲကို  နားစွင့်ကြသည်။

 

သဘာဝဓာတ်ငွေ့နှစ်ထရီလီယံကုဗပေ

ဆွေးနွေးမှုခေါင်းစဉ်၏ ဒုတိယပိုင်းအဖြစ်ရင်းနှီး မြှုပ်နှံမှုအတွက်၊ အခွင့်အလမ်းကောင်းများအတွက် အကြီးအကဲ ၏ ဆက်လက်ဆွေးနွေးမှုတွင် အမိမြန်မာပြည်အတွက်  ဂုဏ်ယူဝင့်ကြွားဟန်ကို  ပိုမိုမြင်တွေ့ရသည်။      သဘာဝ သယံဇာတပေါကြွယ်ဝသည့် နိုင်ငံ၏အကြီးအကဲဖြစ်သည့်အတွက် ဆွေးနွေးမှုတွင်  ရေနံနှင့်သဘာဝဓာတ်ငွေ့ ကဏ္ဍကို ထည့်သွင်းဆွေးနွေးသည်။   မြန်မာနိုင်ငံ၏  ကမ်းလွန်ရေနံ လုပ်ကွက် ၅၁ ကွက်အနက်   လုပ်ကွက် ရှစ်ကွက်တွင် သဘာဝဓာတ်ငွေ့များ  တွေ့ရှိထုတ်လုပ်ကာပြည်တွင်း၊ ပြည်ပသို့ တင်ပို့ရောင်းချနေမှုကို  စတင် ဆွေးနွေးသည်။ လက်ရှိကာလတွင်  ဘင်္ဂလားပင်လယ်အော်အတွင်း သဘာဝဓာတ်ငွေ့  နှစ်ထရီလီယံကုဗပေကျော် တွေ့ရှိပြီး မကြာမီ စီးပွားဖြစ်ထုတ်ယူနိုင်တော့မည့် အခြေအနေ၊ အလားတူ ၎င်းထက်ပိုမိုကြီးမားသည့် ဓာတ်ငွေ့သိုက်တစ်ခုကို    တူးဖော်နိုင်တော့မည့် အလားအလာကောင်း  တွေ့ရှိရမှုအခြေအနေတို့ကို ထုတ်ဖော် ပြောဆိုရင်း  နောင်လာမည့်    သုံးနှစ်အတွင်း သဘာဝဓာတ်ငွေ့ကို  အခြေခံသည့် စက်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာ မည်ဖြစ်၍ ရင်းနှီးမြှုပ်နှံလို သူများကို ဖိတ်ခေါ်သည်။ အလားတူ မရှာဖွေ၊ မဖော်ထုတ်ရသေးသည့် ရေနံ၊  သဘာဝဓာတ်ငွေ့၊ ကြေးနီ၊ သံ၊ ခဲမဖြူ စသည့် သတ္တုလုပ်ငန်းများတွင်ပါ လာရောက်လုပ်ကိုင်နိုင်ကြောင်းကို       ဖိတ်ခေါ်ကမ်းလှမ်းသည်။

 

အမိမြန်မာနိုင်ငံသည်     သဘာဝသယံဇာတ ပေါကြွယ်ဝသည့်   နိုင်ငံဖြစ်သည်မှာ   ပကတိအရှိ  တရားဖြစ်သည်။ ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်းနှင့် လွတ်လပ်သည့်နိုင်ငံဖြစ်သည့်အပြင် စီးပွားရေး စနစ်ကိုလည်း      ဈေးကွက်စီးပွားရေးစနစ်ဖြင့် ဆောင်ရွက်နေသည်။ ထိုသို့နေထိုင်လုပ်ကိုင်နေ သော်လည်း  အချို့အနောက် နိုင်ငံကြီးများမှ ၎င်းတို့နှင့် အမြင်မတူရုံ၊   ၎င်းတို့အကျိုးအတွက် ၎င်းတို့ဖြစ်စေလိုသည့်  နိုင်ငံရေးအခင်းအကျင်း  မဖြစ်ရုံ မျှဖြင့် ပိတ်ဆို့ခြင်း၊ တားမြစ်ခြင်းတို့ကို လက်နက် သဖွယ် အသုံးချလေ့ရှိသည်။ သို့သော်မြန်မာဟူသော နိုင်ငံသည်  ထီးတည်းရပ်တည်သော နိုင်ငံမဟုတ်၊ အမျိုးအဆွေမည်သော  မိတ်ဖက်နိုင်ငံများ၊ မိတ်ဆွေ မည်သောနိုင်ငံများ များပြားစွာရှိသည်ကို မေ့လျော့နေဟန်ရှိသည်။ မြန်မာနိုင်ငံ၏ မဟာမိတ်သဖွယ်၊ မိတ်ကောင်း ဆွေကောင်းသဖွယ် နိုင်ငံများအား ယခုလိုကမ်းလှမ်းမှုအပေါ် မည်သို့ဆိုလေဦးမည်မသိ။ မည်သို့ နှောင့်ယှက် ဖျက်ဆီးဦးမည်ကို မဆိုနိုင်၊ မည်သို့ဆိုစေကာမူ မြန်မာနိုင်ငံသည်ကား မိမိနိုင်ငံ အမျိုးသားအကျိုးစီးပွားအတွက်   လုပ်ဆောင်သင့် သည်များ  လုပ်ဆောင်နေသည်ကို အကြီးအကဲ၏ ဆွေးနွေးမှုတွင် သိသာနေသည်။

 

အကြီးအကဲ၏   ဆက်လက်ဆွေးနွေးမှုတွင် ရုရှားနှင့်မြန်မာနှစ်နိုင်ငံကြား အပြန်အလှန် ကူးသန်း ရောင်းဝယ်နေမှု များပါသည်။  မြန်မာနိုင်ငံမှ ရုရှား နိုင်ငံသို့   စိုက်ပျိုးရေးနှင့်ရေထွက်ကုန်ပစ္စည်းများ တင်ပို့လျက်ရှိပြီး ရုရှားမှ မြန်မာသို့ ဓာတ်မြေဩဇာ၊ စက်သုံးဆီနှင့်ရေနံထွက်ပစ္စည်းများ တင်သွင်းနိုင်ရေး ဆောင်ရွက်လျက်ရှိရာ    ယခုထက်   ပိုမိုတိုးမြှင့်နိုင်ပါက နှစ်နိုင်ငံအတွက် အကျိုးစီးပွား ပိုမိုဖြစ်ထွန်းလာနိုင်မည်ကို    သုံးသပ်ဆွေးနွေး ပြောကြားသည်။

 

၎င်းအပြင်  ယခုဖိုရမ်သို့ တက်ရောက်လာသည့် ကိုယ်စားလှယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များအား မြန်မာနိုင်ငံ အတွင်း  ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် ဖိတ်ခေါ်မှုပြုသည်။ လုပ်ဆောင်နိုင်သည့် စီးပွားရေးလုပ်ငန်းများမှာ အနည်း ငယ်မျှသော အရေအတွက် မဟုတ်၊ နယ်ပယ်စုံ၊ ကဏ္ဍစုံတွင် လာရောက်ရင်းနှီး မြှုပ်နှံနိုင်ကြောင်းနှင့်    အခြား ပြည်ပကုန်သွယ်ရေးအတွက် အခွင့်အလမ်းများစွာကို ပေးအပ်နိုင်စွမ်းရှိ ကြောင်းကိုလည်း ထည့်သွင်းဆွေးနွေး သည်။ များပြားလှစွာသော    စီးပွားရေးကဏ္ဍများနှင့်  ပြည်ပကုန်သွယ်ရေးအတွက်    ဆွေးနွေးပြောကြား မှုတွင် နိုင်ငံတော်နှင့်   နိုင်ငံသူ၊  နိုင်ငံသားများ၏  အကျိုး စီးပွားကို ရှေးရှုသည်။ အလားတူ အာမခံချက်အဖြစ် အခွင့်အလမ်းများစွာကို  ပေးအပ်နိုင်စွမ်းရှိသည်ဟု တည်ကြည်သောစကားကို ဆိုသည်။   မလိုသူများ၏ နည်းမျိုးစုံသော ထိုးနှက်မှုကြားတွင် အကြီးအကဲက ဖိုရမ်သို့ တက်ရောက်လာသူများကို သက်သေပြု၍ အာမခံစကားဖြင့် ဆိုခြင်းသည်ပင် မြန်မာဟူသော ဂုဏ်ကို မြှင့်တင်နိုင်ခဲ့ခြင်းဟု ဆိုနိုင်သည်။

 

ဆက်ဆံရေးပိုမိုကောင်းမွန်လာစေရန်

ဆက်လက်ဆွေးနွေးမှုတွင် ယခုကျင်းပပြုလုပ် သည့်   Eastern  Economic Forum-  2022 ၏ ပူးပေါင်းဆောင်ရွက် မှုများသည်    ယူရေးရှားဒေသ တွင်း နိုင်ငံများနှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်လာ စေရန် ပံ့ပိုးပေးလျက်ရှိမှု၊ ဒေသတွင်း အပြန်အလှန် ထိတွေ့ဆက်ဆံဆက်သွယ်မှု ယန္တရားများရှိလာစေပြီး နိုင်ငံတကာဆက်ဆံရေး နယ်ပယ်တွင် အရှေ့ပိုင်းဒေသအား  အနောက်နိုင်ငံများ၏ လွှမ်းမိုးမှုကို တွန်းလှန်နိုင်မည့် အခြေအနေများကို လည်းထည့်သွင်း ဆွေးနွေးသည်။

 

အာရှဒေသတွင်းနိုင်ငံများ၏     ဆက်ဆံရေး  ကောင်းမွန်ခိုင်မာလာသည်နှင့်အမျှ မြောက်ပိုင်းမှ  တောင်ပိုင်းသို့ ဆက်သွယ်သော      နိုင်ငံတကာ  သယ်ယူပို့ ဆောင်ရေးလမ်းကြောင်းတစ်ခု(International     North   South  Transport Corridor-INSTC)ကို   ဖော်ဆောင်လာနိုင်မည်။    ၎င်းမှတစ်ဆင့် ကုန်သွယ်မှု၊   ရင်းနှီးမြှုပ်နှံမှုများ  ပိုမိုထွန်းကား လာကာ   အာရှ-ပစိဖိတ်ဒေသ   ပထဝီနိုင်ငံရေး တည်ငြိမ်ခိုင်မာလာကာ   အားကောင်းလာနိုင်မည်   စသည့် အကြောင်းအရာများကိုလည်း     သုံးသပ် ဆွေးနွေးသည်။     အာရှဒေသတွင်း    အင်အား တောင့်တင်း ခိုင်မာသည့် တရုတ်၊ အိန္ဒိယ အစရှိသည့် ဆက်ဆံရေးကို ထူထောင်ထားခြင်းအားဖြင့် မိမိတို့ မြန်မာနိုင်ငံ အပါအဝင် အာရှဒေသနိုင်ငံများ၏ ဖွံ့ဖြိုး တိုးတက်မှုကို ပံ့ပိုးရာရောက်နိုင်ကြောင်းကိုလည်း အကြံပြုသုံးသပ် ဆွေးနွေးသည်။ အကြီးအကဲအနေဖြင့် စည်းလုံးခြင်းသည် အင်အားဟူသည့် ဆိုရိုးစကားနှင့်အညီ ဒေသတွင်းစည်းလုံးမှုကို ဖြစ်စေလိုဟန်ရှိသည်။ စည်းလုံးမှုမရှိပါလျှင် အနောက်နိုင်ငံကြီးအချို့၏ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး စသည့် နယ်ပယ် အစုံမှ အင်အားတိုးချဲ့လာမှု၊ ဖိအားပေး ခြိမ်းခြောက် မှုတို့ကိုခံရနိုင်သည်ကို  အကြီးအကဲက  ထောက်ပြ သုံးသပ်ဆွေးနွေးခြင်းဟု ဆိုရမည်ဖြစ်သည်။

 

အာဆီယံ၏ ဗဟိုချက်မကျမှု

အာရှ-ပစိဖိတ်ဒေသသည် မျက်မှောက်ကာလတွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် ရင်းနှီးမြှုပ်နှံရန်      သင့်လျော်သည့်ဒေသအဖြစ် တွေ့မြင်ရမှုအခြေအနေ၊ အာဆီယံအဖွဲ့သည်လည်း အာရှ-ပစိဖိတ်ဒေသတွင်း အချက်အချာကျစွာတည်ရှိနေမှုအရ    ဒေသတွင်း  သံတမန်ဆက်ဆံရေးနှင့် စီးပွားရေးဆိုင်ရာ     ဆွေးနွေးပွဲများ ကိုလည်း ဦးဆောင်နိုင်သည့်   အနေအထားတွင်ရှိနေသည့် အခြေအနေများကိုလည်း ထည့်သွင်းဆွေးနွေးသည်။ ၎င်းအပြင်  အာဆီယံအနေဖြင့် လက်ရှိကာလတွင် ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ အားပြိုင်မှုများကြား တွင် ရှိနေမှု၊ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးကဏ္ဍများတွင် အဓိကအခန်းကဏ္ဍ၌ ရှိနေပြီး ကမ္ဘာ့ကုန်သွယ် ရေးလမ်းကြောင်းများ ဖြတ်သန်းမှုအရ အာဆီယံ၏ ဗဟိုချက်မကျမှု (ASEAN Centrality)ကို  အထင် အရှားမြင်တွေ့ရမှု အခြေအနေကိုလည်း  သုံးသပ် ဆွေးနွေးသည်။ ဆွေးနွေးမှုတွင် ကမ္ဘာ့အင်အားကြီး နိုင်ငံများ၏ အားပြိုင်မှုကြားတွင် ရှိနေသည်ဟူသည့် ဆွေးနွေးချက်မှာ  အလေးအနက်ထားရမည့် ကိစ္စ တစ်ရပ်ဖြစ်သည်ဟု  ထင်မြင်မိသည်။  အာဆီယံ ဒေသတွင်း အစည်းအဝေးများရှိသည့်ကာလ၊ အရေး ကြီးဆုံးဖြတ်ချက်များ ချမှတ်ရန် စီမံနေသည့်ကာလ များတွင် အနောက်နိုင်ငံကြီးအချို့၏ သံတမန်များ ရောက်ရှိလာမှု၊ ၎င်းတို့မလာရောက်မီ ဒေသတွင်း နိုင်ငံများ၏ ကြိုတင်ဆွေးနွေးမှု၊ ထုတ်ဖော်ပြောဆို မှုများသည် ၎င်းတို့လာရောက်ပြီးချိန်တွင် ပြောင်းပြန် ဖြစ်သည့် အနေအထားသို့ ပြောင်းလဲသွားမှုများမှာ ဂရုပြုရမည့်အချက်များပင်ဖြစ်သည်။ အကြီးအကဲ က  ဆက်လက်ဆွေးနွေးရာတွင် အာဆီယံဒေသမှ ရုရှားနိုင်ငံအလယ်ပိုင်းသို့ အနီးဆုံးကုန်းလမ်းကြောင်း တစ်ခုနှင့်  အာဆီယံဒေသမှ  တောင်အာရှဒေသ၊ ပင်လယ်ကွေ့ဒေသနှင့်    အလယ်အာရှတို့မှတစ်ဆင့် ဆက်သွယ်ရေး လမ်းကြောင်းတစ်ခုတို့   မဖြစ်မနေ လိုအပ်မှု၊ တရုတ်နိုင်ငံမှ ဆောင်ရွက်နေသည့် (Belt and  Road  Initiative  - BRI)နှင့် ပေါင်းစပ် ဆောင်ရွက်နိုင်မှုတို့ကိုလည်း ဆက်စပ်သုံးသပ်ကာ ဆွေးနွေးသည်။ တရုတ်၊ ရုရှား စသည့်နိုင်ငံများ၏ အကျိုး စီးပွားအတွက်သာမက အာဆီယံဒေသတွင်း နိုင်ငံများအတွက်ပါ ဆွေးနွေးမှုဖြစ်၍ တစ်ချက်ခုတ် နှစ်ချက်ပြတ်သည့်ဆွေးနွေးမှုဟု   ဆိုရမည်ဖြစ်သည်။

 

မြန်မာပြည်၏ပကတိဖြစ်တည်မှု

အာဆီယံဒေသတွင်း ကိစ္စရပ်များကို ဆွေးနွေးအပြီးတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ၏ ပထဝီ အနေအထားအရ အရှေ့တောင်အာရှ၊  တောင်အာရှ၊ အနောက်ဥရောပနှင့် အာရှ အရှေ့ပိုင်းဒေသများသို့ ကူးလူး ဆက်သွယ်ရာတွင် အဓိကကျသောနေရာတွင် တည်ရှိနေမှုကို ရှင်းလင်း ဆွေးနွေးသည်။ သဘာဝတောတောင်၊ ရေ၊ မြေ အလှများသာ စုစည်းရုံမဟုတ်  ဒေသတွင်း ကုန်သွယ်ရေး၊ ကူးလူးဆက်သွယ်ရေးတို့တွင်လည်း အချက်အချာကျစွာ တည်ရှိနေသည်ကပင် မြန်မာ ပြည်၏ ပကတိဖြစ်တည်မှုပင်ဖြစ်သည်။ ဤအတွက်လည်း  အကြီးအကဲက  ဆွေးနွေးမှုတွင် ဂုဏ်ယူမှု အပြည့်ဖြင့် ဆွေးနွေးခြင်းဟု ထင်မြင်မိသည်။

 

ထိုသို့သော အလှတရားသာ ပြည့်စုံသည်မဟုတ်၊  လာရောက်ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံ သူများအတွက်   အဆင်ပြေချောမွေ့စေရေး  လိုအပ် သည့်ဥပဒေများ  ပြဋ္ဌာန်း၍  ဆောင်ရွက်ပေးလျက်ရှိ မှုကို ထည့်သွင်းဆွေးနွေးခြင်းဖြင့် အလှတွင် အယဉ် ဆင့်မှုကိုဖော်ကျူးသည်။   ပထဝီအနေအထားအရ အချက်အချာ ကျမှု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် လိုအပ်သည့်ဥပဒေများ ပြဋ္ဌာန်းပေးမှုတို့ဖြင့် ရင်းနှီးမြှုပ်နှံမည့် သူများအတွက် အကျိုးအမြတ် ရရှိနိုင်မှု၊ ကမ္ဘာ့စားနပ်ရိက္ခာလုံခြုံရေး(Food Security)အတွက် အထောက် အကူပြုမှု စသည့်အကျိုးကျေးဇူးများကို ရရှိနိုင်ကြောင်း၊ သို့ဖြစ်၍ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ကြရန် ဖိတ်ကြား အပ်ပါကြောင်း ပြောကြားရင်းဆွေးနွေးမှုကို နိဂုံးချုပ်သည်။

 

အလားအလာကိုတွက်ဆကြ

ဖိုရမ်သို့ တက်ရောက်လာသည့် နိုင်ငံ့အကြီးအကဲ များနှင့် ကိုယ်စားလှယ်များက ဩဘာလက်ခုပ်များ တီးကြသည်။  ကိုယ်စားလှယ်များမှာ  စီးပွားရေးနှင့်ဆက်စပ်သည့် ဝန်ကြီးဌာနတာဝန်ရှိသူများ၊ နိုင်ငံအလိုက်  စီးပွားရေးလုပ်ငန်းရှင်များဖြစ်သည့်အတွက် အကြီးအကဲ၏  ဒုတိယအပိုင်း  ဆွေးနွေးမှုကို  ပိုမို စူးစိုက်ကြသည်။ စီးပွားရေးလုပ်ငန်းများကို မြန်မာနိုင်ငံတွင် လုပ်ကိုင်ရင်းနှီးမြှုပ်နှံပါက ဖြစ်ပေါ်တိုးတက်လာ နိုင်မည့် အလားအလာကို တွက်ဆကြသည်။ လိုအပ်လာမည့် စွမ်းအင်အရင်းအမြစ်အတွက်လည်း အခြေအနေကောင်း များကို  အချိန်တိုအတွင်း  ရရှိနိုင်မှု ရှိနေသကဲ့သို့ အခြားကူးသန်းရောင်းဝယ်မှုအတွက်လည်း ပထဝီအနေ အထားအရ ကောင်းမွန်လှသည်မို့ သူတို့စိတ်ပါဝင်စားမှုက ပိုမိုသည်မှာ မဆန်းလှ။

 

အကြီးအကဲ၏  ဆွေးနွေးမှုအပြီးတွင်  အခမ်း အနားမှူးက သိရှိလိုသည်များကို မေးမြန်း၍ အကြီး အကဲက ပြန်လည်ရှင်းလင်းဆွေးနွေးသည်။ အမေး စကားအပေါ်   အကြီးအကဲ၏  အဖြေစကားက ကျေနပ်ဖွယ်ဖြစ်စေရန် တိတိကျကျ ပြည့်ပြည့်စုံစုံ ဖြေကြားသည်။  ပကတိအရှိတရားကို   ကြိုတင်ပြင်ဆင်ထားမှုဖြင့်  ပြေကြားခြင်းဖြစ်၍  ချောချော မွေ့မွေ့သာ။  အမေးအဖြေပြုလုပ်အပြီးတွင် ရုရှား ဖက်ဒရေးရှင်းသမ္မတ H.E. Vladimir Vladimirovich Putin က  ဖြည့်စွက်ဆွေးနွေးသည့်  အပြုသဘောဆောင်သည့် ချဉ်းကပ်ဆွေးနွေးမှုမှာလည်း ရလဒ်ကောင်းသို့သာ ဦးတည်သည်။

 

ထို့နောက် တက်ရောက်လာသည့် အာမေးနီးယား နိုင်ငံဝန်ကြီးချုပ်၊ မွန်ဂိုလီးယားနိုင်ငံဝန်ကြီးချုပ်၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက်ဥက္ကဋ္ဌတို့က သက်ဆိုင်ရာခေါင်းစဉ်များအလိုက် ဆွေးနွေးခြင်း၊ အရှေ့ဖျား ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် အာရှ-ပစိဖိတ်နိုင်ငံများ၏  ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးခြင်း၊ အခမ်း အနားမှူးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတတို့က  ပြန်လည်ဆွေးနွေးခြင်းတို့ကို   ဆောင်ရွက်သည်။   တက်ရောက်လာသည့်   သက်ဆိုင်ရာနိုင်ငံ  အလိုက် ဆွေးနွေးမှုများအပြင် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်  H.E Norendra Modi ၊ မလေးရှားနိုင်ငံဝန်ကြီးချုပ် H.E Ismail Sabri Yaakob နှင့် ဗီယက်နမ်ဝန်ကြီးချုပ် H.E Plam Minh Chinh တို့ကလည်း Video Message များဖြင့် ပါဝင်ဆွေးနွေးကြသည်။ ဆွေးနွေးသည့် အကြောင်းအရာနှင့် ခေါင်းစဉ်များ မတူညီသည့်တိုင် စည်းလုံးခြင်းကို ရှေ့ရှုကြသည့် အချက်များမှာတော့ တူညီသည်။

 

ဆွေးနွေးမှုများအပြီးတွင်    ရုရှားဖက်ဒရေး ရှင်းနိုင်ငံ၏ သမ္မတ H.E. Vladimir Vladimirovich Putin ကို  အခမ်းအနားမှူးက လက်ရှိကမ္ဘာတွင် ဖြစ်ပေါ်နေသည့် ဖြစ်ပေါ်ပြောင်းလဲမှုများနှင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၏      ရပ်တည်ချက်များကို မေးမြန်း၍   ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတကလည်း  အကြောင်းတစ်ခုချင်းစီအလိုက် ပြန်လည်ဖြေကြားသည်။ ဖြေကြားမှုများအပြီးတွင် တက်ရောက်လာသည့် နိုင်ငံ့အကြီးအကဲများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး  အခမ်းအနားကို  ရုပ်သိမ်းသည်။

 

အများမြင်သာသည့်အခြေအနေပင်

(၇) ကြိမ်မြောက်  အရှေ့ဖျားစီးပွားရေးဖိုရမ် (The 7th Eastern  Economic Forum-2022)၏ မျက်နှာစုံညီ အစည်းအဝေး Plenary Session ကမူ အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီးဖြစ်သည်။ အစည်း အဝေးအရ ပြီးမြောက်ခြင်း ၏ ရလဒ်က မြန်မာနိုင်ငံအတွက် မည်သို့အကျိုးဖြစ်ထွန်းစေနိုင်သည်ကို မှန်းဆကြည့်ရုံဖြင့်ပင်   မြင်သာသည်။  အမြင်၊ အကြားအားဖြင့် သိရှိလိုက်ရသော အကြီးအကဲများ၏ ဆွေးနွေးချက်များတွင်   နိုင်ငံ၏အနာဂတ်အတွက် အဖြေက   ပြည့်စုံစွာပါနေသည်။  အကြီးအကဲ၏ ဆွေးနွေးချက်၊  ရုရှားနိုင်ငံအပါအဝင် တက်ရောက် လာသည့် နိုင်ငံ့အကြီးအကဲများ၊ ကိုယ်စားလှယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်မှု များသည်  အများမြင်သာသည့်   အခြေအနေပင်ဖြစ်သည်။  အမိမြန်မာပြည်၏ ရှေ့ရေးသည် ယခု ဖိုရမ်မှအစပြု၍   ခေတ်မီ ဖွံ့ဖြိုးတိုးတက်ခြင်း၊ စီးပွားရေးအရကောင်းမွန်ခြင်း စသည့် မင်္ဂလာမည်သည့် ကောင်းခြင်းများသာ  ရရှိလာ တော့မည်ဖြစ်ကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။