ဇော်သူရ(ချောက်ရေနံမြေ)

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နဲ့ စင်ကာပူတရား လွှတ်တော်ချုပ်တို့ဟာ ၁၀-၂-၂၀၂၀ ရက်နေ့က တရားစီရင်ရေးဆိုင်ရာ Memorandum of Guidance (MOG) ရေးထိုးပြီး နှစ်နိုင်ငံသမိုင်းမှတ်တိုင်တစ်ခု စိုက်ထူခဲ့ပါတယ်။ ဒီ MOG ရဲ့ အမည်ကတော့ “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် စင်ကာပူသမ္မတနိုင်ငံ တရားလွှတ်တော်ချုပ်တို့အကြား ငွေကြေးဆိုင်ရာစီရင်ချက်များ အတည်ပြုရန် လမ်းညွှန်မှုစာချွန်လွှာ (Memorandum of Guidance as to Enforcement of Money Judgments Between the Supreme Court of the Union, Republic of the Union of Myanmar and the Supreme Court of the Republic of Singapore) ဖြစ်ပါတယ်။ ဒီစာချွန်လွှာမှာ တစ်ဖက်နိုင်ငံတရားရုံးရဲ့ ငွေကြေးဆိုင်ရာ စီရင်ချက်ကို ကျန်နိုင်ငံရဲ့ ဥပဒေပြဋ္ဌာန်းချက်များအရ ဘယ်လိုအသိ အမှတ်ပြုမယ်၊ ဘယ်လိုအတည်ပြုမယ်စတဲ့ပြဋ္ဌာန်းချက်တွေကို အပြန်အလှန်ဖော်ပြထားခြင်းဖြစ်ပါတယ်။

ငွေကြေးအငြင်းပွားမှု

ပိုမိုနားလည်အောင် ရှင်းပြရမယ်ဆိုရင် ဥပမာအားဖြင့် မြန်မာကုန်သည်တစ်ဦးနဲ့ စင်ကာပူကုန်သည် တစ်ဦး တို့ဟာ စီးပွားရေးလုပ်ငန်း ပူးတွဲလုပ်ကိုင်ကြတယ်။ ငွေကြေးအငြင်းပွားမှုဖြစ်ပွားတဲ့အခါ မြန်မာကုန်သည်က စင်ကာပူကုန်သည်ကို မြန်မာနိုင်ငံတရားရုံးမှာ တရားစွဲဆို အနိုင်ရတယ်၊ ဒါပေမယ့် စင်ကာပူကုန်သည်က ငွေမပေးဘူး၊ သူ့ရဲ့ ပိုင်ဆိုင်မှုတွေဟာလည်း မြန်မာနိုင်ငံမှာမရှိဘဲ စင်ကာပူနိုင်ငံမှာရှိနေတယ်။ ဒီလိုအခြေအနေမှာ စီရင်ချက်ကို မြန်မာနိုင်ငံတရားရုံးက အတည်မပြုနိုင်ဘဲ စင်ကာပူနိုင်ငံတရားရုံးက အတည်ပြုရပါမယ်။ စင်ကာပူ နိုင်ငံတရားရုံးက စင်ကာပူကုန်သည်ပိုင်ပစ္စည်းတွေကို သိမ်းဆည်းရောင်းချပြီး မြန်မာကုန်သည် ရရန်ရှိတဲ့ငွေ ကို ပေးဆပ်ပေးရပါမယ်။ ဒီလိုအတည်ပြုရာမှာ မြန်မာနိုင်ငံရဲ့ ဒီကရီအတည်ပြုခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်တွေနဲ့ သက်ဆိုင်ခြင်းမရှိတော့ဘဲ စင်ကာပူနိုင်ငံရဲ့ ပြဋ္ဌာန်းချက်တွေနဲ့သာ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ စင်ကာပူတရား ရုံးရဲ့ စီရင်ချက်ကို မြန်မာနိုင်ငံမှာအတည်ပြုလိုပါကလည်း ဒီလိုအပြန်အလှန် ဆောင်ရွက်ရပါမယ်။ ဒီစာချွန်လွှာမှာ ဒီလိုဆောင်ရွက်နိုင်တဲ့နှစ်နိုင်ငံရဲ့ ပြည်တွင်းဥပဒေပြဋ္ဌာန်း ချက်တွေကို ထည့်သွင်းဖော်ပြထားတာပါ။ 

လက်မှတ်ရေးထိုးတဲ့နိုင်ငံများရဲ့ ဥပဒေ၊ တရားရုံး လုပ်ငန်းစဉ်များကို ပြည်သူလူထုသိရှိနားလည်လာအောင်နဲ့ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံလိုသူများက ဥပဒေဆိုင်ရာသတင်းအချက်အလက်များကို ကြိုတင်သိရှိနိုင်ပြီး ယုံကြည်စိတ်ချစွာရင်းနှီးမြှုပ်နှံလာအောင်ဆွဲဆောင်နိုင်စေရန် အဓိကရည်ရွယ်ပါတယ်။လက်ရှိမှာစင်ကာပူ နိုင်ငံဟာ မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံမှုအများဆုံးနိုင်ငံ ဖြစ်လို့ ရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်ဖို့ပါ။

အဓိကရည်ရွယ်ချက်

စင်ကာပူနိုင်ငံမှာ နိုင်ငံတကာကူးသန်းရောင်းဝယ် ရေးအမှုတွေကို စစ်ဆေးစီရင်တဲ့ Singapore International Commercial Court (SICC) ကိုဖွဲ့စည်း တည်ထောင်ထားပါတယ်။ သူတို့ဥပဒေအရ ဒီတရားရုံးဟာ စင် ကာပူတရားလွှတ်တော်ချုပ်ရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်လို့ ဒီရုံးရဲ့ စီရင်ချက်ကို မြန်မာနိုင်ငံမှာ အတည် ပြုနိုင်ပါတယ်။ မြန်မာနဲ့ စင်ကာပူ ရင်းနှီးမြှုပ်နှံသူတွေဟာ အငြင်းပွားမှုဖြစ်ရင်အဲဒီတရားရုံးကို ရွေးချယ်နိုင်ပါ တယ်။ ဒီမူသဘောကို STEEL BROTHER AND co. Ltd., v. Y. A GANNY SONS AND TWO (1965 BLR (C.C) 449) အမှုမှာ ဆုံးဖြတ်ထားတာကို တွေ့ရပါတယ်။ ဒီရုံးဟာ နိုင်ငံတကာစံနှုန်းတွေနဲ့အညီ တရားမျှတမှု ရှိတယ်လို့ နာမည်ကြီးပါတယ်။ ဒါကြောင့် သူတို့နဲ့ မြန်မာကုန်သည်တွေ အငြင်းပွားမှုဖြစ်ပွားရင် SICC မှာ ဖြေရှင်းစေလိုတာက စင်ကာပူဘက်ရဲ့ အဓိကရည်ရွယ်ချက်လို့ ထင်ပါတယ်။

ပြည်ပရင်းနှီးမြှုပ်နှံသူတွေဟာ ရင်းနှီးမြှုပ်နှံမှုမပြုမီမှာ အဲဒီနိုင်ငံရဲ့ ဥပဒေမူဘောင်အပါအဝင် အခြေအနေ အားလုံးကို လေ့လာကြပါတယ်။ ဥပဒေမူဘောင်တွေထဲမှာ အငြင်းပွားမှုဖြေရှင်းနည်းလည်းပါဝင်ပါတယ်။ ဆိုလို တာက စီးပွားရေးလုပ်ကြရင်း အချင်းချင်းအငြင်းပွားကြရင် ဖြေရှင်းပေးမယ့်ဥပဒေမူဘောင်တွေ ဘယ်လောက် ခိုင်မာမှုရှိသလဲ/ဘယ်လောက်တရားမျှတမှုရှိသလဲဆိုတာကို လေ့လာကြပါတယ်။ ဒီစာချွန်လွှာမှာ အရေးပါတဲ့ ဥပဒေမူဘောင်အချို့ကို နှစ်နိုင်ငံပြဋ္ဌာန်းချက်တွေယှဉ်တွဲပြီး လွယ်လွယ်ကူကူသိရှိနိုင်ဖို့ ကောက်နုတ်ဖော်ပြ ထားတာဖြစ်ပါတယ်။ ဒီပြဋ္ဌာန်းချက်တွေကို ဒီလိုစုစည်းမထားရင် လေ့လာဖို့မလွယ်ကူလှပါဘူး။ ဒီစာချွန်လွှာ မှာမြန်မာနိုင်ငံရဲ့ ဥပဒေတွေကိုကောက်နုတ်တင်ပြထားလို့ စင်ကာပူနိုင်ငံသာမက ကျန်နိုင်ငံတွေရဲ့ စီရင်ချက်တွေ ကိုလည်းမြန်မာနိုင်ငံမှာအတည်ပြုလို့ ရနိုင်မရနိုင် လေ့လာနိုင်ပါတယ်။ ဒါကြောင့် ရင်းနှီးမြှုပ်နှံလိုသူတွေဟာ ဒီဥပဒေတွေရှိနေတယ်ဆိုတာကို သိရှိလာရင် ပိုမိုရင်းနှီးမြှုပ်နှံလာနိုင်ပါတယ်။

မိမိတို့နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုတိုးတက်လာခြင်း၊ ကမ္ဘာတစ်ဝန်းနိုင်ငံဖြတ်ကျော် ကူးသန်းရောင်းဝယ်မှု များပြားလာခြင်း၊ အင်တာနက်မှတစ်ဆင့် ကူးသန်းရောင်းဝယ်မှုများ များပြားလာခြင်းတို့ကြောင့် နိုင်ငံ တကာကူးသန်းရောင်းဝယ်ရေးမှုခင်းများ များပြားလာပြီး မြန်မာနိုင်ငံတွင်လည်း နိုင်ငံခြားစီရင်ချက်များကို အသိအမှတ်ပြုပေးရန် လျှောက်ထားမှုများဖြစ်ပေါ်လာ နိုင်ပါတယ်။ 

အငြင်းပွားနိုင်

ဥပဒေအရ အငြင်းပွားဖွယ်အချက်တစ်ချက်ရှိပါတယ်။ နိုင်ငံခြားစီရင်ချက်ကို မြန်မာနိုင်ငံတရားရုံးမှာ တရားမကျင့်ထုံးဥပဒေပုဒ်မ ၄၄-က အရဇာရီမှုဖွင့်လှစ်ဆောင်ရွက်နိုင်တယ်လို့ ပြဋ္ဌာန်းထားပေမယ့် အပြန် အလှန်ဆောင်ရွက်ပေးရန်စီစဉ်ထားသောနယ်မြေ (နိုင်ငံ) ရှိ အဆင့်မြင့်တရားရုံး တစ်ရုံးက ချမှတ်တဲ့ဒီကရီဖြစ် ဖို့ လိုပါတယ်။ ဒီနယ်မြေအဖြစ်သတ်မှတ်ဖို့ နိုင်ငံတော် သမ္မတက အမိန့်ကြော်ငြာစာ ထုတ်ပြန်ရပါမယ်။ ဒါပေမယ့် နိုင်ငံတော်သမ္မတက ဘယ်နိုင်ငံကိုမှ အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်ထားခြင်းမရှိသေးလို့ စင်ကာပူတရားရုံးရဲ့ စီရင်ချက်ကိုမြန်မာနိုင်ငံမှာ အတည်မပြုနိုင်ဘူးလို့ အငြင်းပွားနိုင်ပါတယ်။

ဇာရီမှုတိုက်ရိုက်မဖွင့်နိုင်တာကတော့ သေချာပါတယ်။ ဒီလိုမကြေညာခဲ့ပေမယ့်စီရင်ထုံးများအရတရားမ မူလမှုစတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့တာကိုလေ့လာတွေ့ ရှိရပါတယ်။ ဒီလိုဆောင်ရွက်တာကို အင်္ဂလိပ်ရိုးရာ ဥပဒေစနစ်အရ ဆောင်ရွက်တယ်လို့ခေါ်ပြီး စင်ကာပူ ဥပဒေအရလည်း ဒီလိုဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ 

ဒီစာချွန်လွှာက အာဆီယံဒေသတွင်းမှာ ပထမဆုံး လက်မှတ်ရေးထိုးခဲ့တာဖြစ်တဲ့အတွက် အာဆီယံအတွက် စံပြုလောက်တဲ့နမူနာတစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။ အာဆီယံအသိုက်အဝန်းတည်ထောင်ဖို့ ကြိုးစားနေတဲ့ အထဲမှာ စီးပွားရေးအသိုက်အဝန်းလည်းတစ်ခုအပါအဝင် ဖြစ်ပြီး ဒီစာချွန်လွှာက စီးပွားရေးအသိုက်အဝန်းအတွက် နမူနာကောင်းတစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။ 

ပြန်လည်ပြင်ဆင်ဖို့ လိုနေ

မြန်မာနိုင်ငံရဲ့ လက်ရှိဥပဒေအချို့ဟာနိုင်ငံတကာ စံနှုန်းတွေနဲ့ မကိုက်ညီလို့ လွှတ်တော်က ပြန်လည်ပြင်နေ ပါတယ်။ နိုင်ငံခြားစီရင်ချက်နဲ့ သက်ဆိုင်တဲ့ပြဋ္ဌာန်းချက်တွေဟာ သုံးလို့ရနေသေးပေမယ့် ပြန်လည်ပြင်ဆင်ဖို့ လိုနေပါပြီ။ ဒီစာချွန်လွှာကို လက်မှတ်ရေးထိုးပြီး နောက်ပိုင်းတွေ့ကြုံလာမယ့် အတွေ့အကြုံတွေအရ ဥပဒေပြင်နိုင်မယ့်အခွင့်အရေးတွေလည်းရရှိနိုင်ပါတယ်။

ဒါကြောင့် ဒီစာချွန်လွှာဟာ ရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်နိုင်ခြင်း၊ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးကို နိုင်ငံတကာ တရားစီရင်ရေးနှင့်ဆက်သွယ်ရန် အခွင့်အလမ်းကောင်း တစ်ခုဖြစ်လာနိုင်ခြင်း၊ အာဆီယံအတွက် နမူနာကောင်း တစ်ခုဖြစ်လာနိုင်ခြင်း၊ နိုင်ငံတကာစံနှုန်းနှင့်ကိုက်ညီတဲ့ ဥပဒေမူဘောင်တစ်ရပ်ပေါ်ထွက်လာရန် လမ်းစဖြစ်လာ နိုင်ခြင်းစတဲ့ အကျိုးကျေးဇူးများရရှိနိုင်ကြောင်း တင်ပြအပ်ပါတယ်။