၂၉ ဇန်နဝါရီ
ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် ခွင့်ပြုမိန့်နှင့် အတည်ပြုမိန့်များကို အွန်လိုင်းမှ လျှောက်ထားနိုင်ရေး ဂျာမန်အပြည်ပြည်ဆိုင်ရာ ကူညီပေးရေးအဖွဲ့ (GIZ) အကူအညီဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) မှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောသည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့ လွယ်ကူစေရန်အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ထုတ်ပေးသည့် ခွင့်ပြုမိန့်နှင့် အတည်ပြုမိန့်များကို အွန်လိုင်းမှ လျှောက်ထားနိုင်ရေး Online Investment Application System ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) နှင့် ဂျာမန်အပြည်ပြည်ဆိုင်ရာ ကူညီပေးရေးအဖွဲ့ (GIZ) တို့ ပူးပေါင်း ဆောင်ရွက်နေကြောင်း ၎င်းက ဆက်ပြောသည်။
"ဒီအွန်လိုင်းစနစ်က ရင်းနှီးမြှုပ်နှံမှု ဥပဒေပေါ်မှာ အခြေခံပြီး လုပ်ရတာ၊ ရင်းနှီးမြှုပ်နှံမှု ဥပဒေရဲ့ ပေးထားချက်တွေအရ လျှောက်လွှာတင်ခြင်း၊ ဖောင်ပုံစံတင်ခြင်း၊ စဆက်သွယ်ခြင်း၊ သတင်းယူခြင်း၊ သတင်းစုံစမ်းမေးမြန်းခြင်း ဒီဟာတွေအားလုံးကို အွန်လိုင်းပေါ်တင်မှာ၊ ကျွန်တော်တို့ရုံးကို မလာနဲ့၊ နောက်တစ်ခုက စက်ရုံတစ်ရုံထောင်မယ်၊ ထောင်မယ့်စက်ရုံက လှိုင်သာယာစက်မှုဇုန်မှာဆိုရင် မြေနဲ့ ပတ်သက်တဲ့ သဘောထား တောင်းစရာမလိုဘူး၊ လှိုင်သာယာစက်မှုဇုန်ရဲ့ အပြင်ဘက်ဆိုရင် မြေနဲ့ပတ်သက်တဲ့ သဘောထား တောင်းရမယ်၊ စတဲ့ ဒီအချက်အလက်တွေအားလုံး ကျွန်တော်တို့ အွန်လိုင်းကနေ သွားဖို့လုပ်နေတယ်၊ ဆိုတော့ ဒီ Process က ဥပဒေမှာရှိတာကို ကျွန်တော်တို့က System ထဲကို ထည့်မယ်၊ အဲလိုထည့်ဖို့အတွက်ကို GIZ က အကူအညီပေးချင်တာ"ဟု ဦးသန့်စင်လွင် က ပြောသည်။
အဆိုပါ Online Investment Application System ကို ဆောင်ရွက်နိုင်ရေး ဂျာမန်အပြည်ပြည်ဆိုင်ရာ ကူညီပေးရေးအဖွဲ့အနေဖြင့် မြန်မာနိုင်ငံအတွက် အကူအညီပေးရန် လျာထားထားသည့် ရန်ပုံငွေထဲမှ အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိ ကုမ္ပဏီများ မှတ်ပုံတင်ခြင်းကိုလည်း ၂၀၁၇ ခုနှစ်တွင် အတည်ပြု ပြဌာန်းခဲ့သည့် ကုမ္မဏီဥပဒေအရ အီလက်ထရောနစ် မှတ်ပုံတင်စနစ် (MyCO) အသုံးပြု၍ မှတ်ပုံတင်ရမည်ဖြစ်ပြီး ထိုသို့ မှတ်ပုံတင်ရာတွင် Manual Filings ကို အသုံးမပြုဘဲ Online Application ကိုသာ ၁၀ဝ ရာခိုင်နှုန်း အသုံးပြုလာကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
ငြိမ်းငြိမ်း