ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေးကော်မတီ ဒုတိယအကြိမ် အစည်းအဝေးကျင်းပ

နေပြည်တော်  ၂၈   နိုဝင်ဘာ

 

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနက ကြီးမှူး၍ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေးကော်မတီ (IPC)ဒုတိယအကြိမ် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေးကော်မတီဥက္ကဋ္ဌ ဦးသောင်းထွန်း၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေးကော်မတီ အဖွဲ့ဝင် များဖြစ်ကြသည့် ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ဦးလှကျော်၊ ဦးကျော်မျိုး၊ ဦးအောင်ထူး၊ ဦးကျော်လင်း၊ ဦးခင်မောင်ဝင်း၊ ဦးဝင်းမော်ထွန်း၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနတို့မှ အမြဲတမ်း အတွင်းဝန်များ၊ IPC အဖွဲ့ဝင်များ၊ အတွင်းရေးမှူးဖြစ်သော ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် လုပ်ငန်းအဖွဲ့ (၅) ဖွဲ့မှ အဖွဲ့ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ၊ လေ့လာသူများ တက်ရောက် ကြသည်။

 

အခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေးကော်မတီဥက္ကဋ္ဌ ဦးသောင်းထွန်းက "မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေးကော်မတီနှင့် ယင်း၏လုပ်ငန်း အဖွဲ့ (၅) ဖွဲ့သည် အလွန်အရေးပါကြောင်း၊ တာဝန်ယူမှုရှိပြီး အရည်အသွေးရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို အားပေးမြှင့်တင်ခြင်းဖြင့် မျှတပြီး ကြွယ်ဝသည့် လူမှုအသိုက်အဝန်း တစ်ရပ်ဖန်တီးရေး ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ မြှင့်တင်ရေးဆောင်ရွက်ရာတွင် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှု မူဝါဒများကို ထင်ဟပ်ရန်အရေးကြီးပါကြောင်း" ပြောကြားသည်။

 

အစည်းအဝေးတွင် ရင်းနှှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေးကော်မတီ အတွင်းရေးမှူး၊ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ကော်မတီ၏လုပ်ငန်းစဉ်များနှင့် လုပ်ငန်းအဖွဲ့များ၏ ဆောင်ရွက်ချက်များ အပေါ်တင်ပြခဲ့ပြီး ရှေ့ဆက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် အထောက်အကူပြုလုပ်ငန်းအဖွဲ့ () ဖွဲ့မှ အဖွဲ့ခေါင်းဆောင်များက ၎င်းတို့၏ လုပ်ငန်းအဖွဲ့အလိုက် ရေးဆွဲထားသည့် နှစ်အလိုက် လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ အဆိုပါ ဆွေးနွေးချက်များအပေါ် ကော်မတီဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် အတွင်းရေးမှူးတို့က ပါဝင်သုံးသပ်ဆွေးနွေးခဲ့ကြပြီး ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြသည်။

 

ထို့နောက် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေးကော်မတီ အတွင်းရေးမှူးက ဆွေးနွေးချက်များအပေါ် အနှစ်ချုပ်၍ ပြန်လည်၍ သုံးသပ်ဆွေးနွေးတင်ပြသည်။

 

ယင်းနောက် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေး ကော်မတီဥက္ကဋ္ဌ၊ ဦးသောင်းထွန်းက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)