နေပြည်တော် ၂၂ ဇန်နဝါရီ

 

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ Country DirectorMr. Gevorg Sargsyan အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ကမ္ဘာ့ဘဏ်မှချေးငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန်ရှိသည့် ကျန်းမာရေးနှင့် ပညာရေးကဏ္ဍဆိုင်ရာ စီမံကိန်းတို့အား ဆက်လက်အကောင်အထည် ဖော်နိုင်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်အတွင်း နှစ်ဖက်ညှိနှိုင်း၍ အတည်ပြုချက် ရယူဆောင်ရွက်ရန် စီစဉ်လျက်ရှိသည့် လျှပ်စစ်စွမ်းအား ထိရောက်တိုးတက်စေရေးစီမံချက်၊ ကျန်းမာရေးဆိုင်ရာစီမံချက်နှင့် ငြိမ်းချမ်းသာယာသော လူထုစီမံချက်တို့နှင့် ပတ်သက်၍ ဆွေးနွေးကြသည်။

 

ကမ္ဘာ့ဘဏ်မှ ယခုလတွင် ထုတ်ပြန်ခဲ့သည့် မြန်မာစီးပွားရေးလေ့လာမှုအစီရင်ခံစာ (Myanmar Economic Monitor- MEM) တွင် ကမ္ဘာ့လုံးဆိုင်ရာ စီးပွားရေးနှေးကွေးလာမှုနှင့် ပြည်တွင်းရေးရာကိစ္စရပ်များ ရှိနေသော်လည်း မြန်မာနိုင်ငံ၏ စီးပွားရေးသည် ကြံ့ကြံ့ခံရပ်တည်နိုင်စွမ်းကို ဆက်လက်ပြသလျက်ရှိကြောင်း၊ နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ကုန်ထုတ်လုပ်ရေးနှင့် ဝန်ဆောင်မှုကဏ္ဍများတွင် အားကောင်းလာမှုကြောင့် ၂၀၁၈/၂၀၁၉ ခုနှစ်တွင် ၆ ဒသမ ၃ ရာခိုင်နှုန်းတိုးတက်လာမည်ဟု ခန့်မှန်ထားကြောင်း ဖော်ပြထားသည်။

 

အဆိုပါတွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဦးဗရတ်ဆင်းနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်